Thursday, August 20, 2020

နိုင်ငံဆင်းရဲမွဲတေနေလျှင် သူတောင်းစားနိုင်ငံ၊ သူတောင်းစားပြည်သူနှင့် အစိုးရဖြစ်လျှင် သူတောင်းစားအစိုးရ၊ သူတောင်းစားသမ္မတသာဖြစ်ကြောင်း UPDJC ဒုဥက္ကဋ္ဌ ပြောကြား

နိုင်ငံဆင်းရဲမွဲတေနေလျှင် သူတောင်းစားနိုင်ငံ၊ သူတောင်းစားပြည်သူနှင့် အစိုးရဖြစ်လျှင် သူတောင်းစားအစိုးရ၊ သူတောင်းစားသမ္မတသာဖြစ်ကြောင်း UPDJC ဒုတိယဥက္ကဋ္ဌ ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ-မြန်မာ)မှ ပြောကြားခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သည့် ၂၁ ရာစုပင်လုံညီလာခံ UPDJC အစည်းအဝေး ခေါင်းဆောင်များ၏ မိန့်ခွန်းပြောကြား စဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြည်ထောင်စုမြန်မာနိုင်ငံကြီးဆိုတာ နိုင်ငံသားအားလုံးရဲ့ ပြည်ထောင်စုကြီးဖြစ်ပါတယ်။ အားလုံးကပိုင်ဆိုင်တဲ့ အတွက် ပြည်ထောင်စုကြီးရဲ့ အသီးအပွင့်တွေကို အားလုံးမျှမျှတတခူးယူစားသုံးနိုင်ခွင့်ရှိပါတယ်။ ပြည်ထောင်စု ကြီးရဲ့ အန္တရာယ်ကိုလည်းပဲ အားလုံးက ဝိုင်းဝန်းကာကွယ်ဖို့တာဝန်ရှိပါတယ်။ ယင်းနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နိုင်ငံသားတို့ရဲ့ အကျိုးခံစားခွင့် အခွင့်အရေးတွေလည်း ပိုမိုပေါများ ကြွယ်ဝလာမှာဖြစ်ပါတယ်။ အဲ့ဒီလို အဆင့်မြင့်ချမ်းသာနိုင်ငံမှာ နေရတဲ့နိုင်ငံသားတွေအတွက် ဂုဏ်ရှိပါတယ်။ နိုင်ငံကြီးက ဆင်းရဲမွဲတေပြီး တော့ သူတောင်းစားနိုင်ငံဖြစ်ရင်လည်းပဲ ပြည်သူတွေက သူတောင်းစားနိုင်ငံ သားတွေဖြစ်မယ်။ အစိုးရဖြစ်ရင်လည်းပဲ သူတောင်းစားအစိုးရ၊ သမ္မတဖြစ်ရင်လည်းပဲ သူတောင်းစားသမ္မတပဲ ဖြစ်မှာပါ”ဟု UPDJC ဒုတိယဥက္ကဋ္ဌ ဦးသုဝေမှ ပြောကြားသည်။
အဆိုပါမိန့်ခွန်းပြောကြားစဉ် ၎င်းက “ဒါကြောင့် ပြည်ထောင်စုကြီးကို ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုကြီးဖြစ်အောင် အားလုံးဝိုင်းလုပ်ရမယ့် တာဝန်ရှိပါတယ်။ အချို့က အာဏာရမ္မက်ကြီးတော့ သူတောင်းစားသမ္မတပဲဖြစ်ဖြစ်၊ ရာထူးအာဏာရရင် ပြည်နယ်ရအောင်လုပ်တယ်၊ အဲ့လိုဆိုရင် မရပါဘူး။ လူ့အခွင့်အရေးဆိုတာမရှိရင် လူဖြစ်ပေမယ့် လူဖြစ်ကျိုးမနပ်ပါဘူး။ ဒါပေမဲ့ အဲဒီလူ့အခွင့်အရေးဟာ ကိုယ့်အတွက်လိုချင်တဲ့ အခွင့်အရေးဖြစ်သလို၊ အခြားသူများလိုချင်တဲ့ အခွင့်အရေးကိုလည်း လေးစားရမယ်။ အခွင့်အရေးနဲ့ တာဝန်ဆိုတာ လူတန်းစားတစ်ခုတည်း တစ်ဖက်ဆီမှာ အတူတကွပါရှိသလို ခွဲခြားလို့မရပါဘူး။ သို့သော် လူတွေက တာဝန်နဲ့ အခွင့်အရေးကိုသာ အဓိကထားကြတယ်”ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မိမိရဲ့အခွင့်အရေးရယူသည့်အခါ အခြားသူ၏အခွင့်အရေးတွေလည်း မထိပါးအောင် ဥပဒေပြ ဋ္ဌာန်းပေးရတာဖြစ်ပြီး ခေတ်မှီသည့်ပြဿနာမှာ အုပ်ချုပ်သူလူတန်းစားကလည်း အအုပ်ချုပ်ခံ ပြည်သူတို့ရဲ့ အခွင့်အရေးထက် ပြည်သူလူထု၏ လိုက်နာရမည့် တာဝန်များကိုသာ အဓိကထားလွန်းနေကြောင်း၊ အလားတူပင် အုပ်ချုပ်ခံပြည်သူတွေကလည်းပဲ အုပ်ချုပ်သူအစိုးရ၏ အာဏာအခွင့်အရေးထက် အုပ်ချုပ်သူများ ကျင့်သုံးလေးစားရမယ့် တာဝန်ကိုထိပါးထားနေပါတယ်။
ပြောရရင် အစိုးရရော ပြည်သူပါ မိမိတို့ယူရမယ့်တာဝန်ထက် မိမိတို့လိုချင်သည့် အခွင့်အရေးကိုသာ အာရုံ စိုက်ကြသည့်အတွက် ပဋိပက္ခဖြစ်နေကြရတာဖြစ်ကြောင်းကိုလည်း ၂၁ ရာစုပင်လုံညီလာခံ UPDJC အစည်းအဝေးတွင် ပြောကြားခဲ့သည်။
Ref ; People Media

0 comments:

Post a Comment