Wednesday, August 19, 2020

၂၁ရာစုပင်လုံတွင် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ်အတွက် UPDJC အစည်းအဝေး ကျင်းပ

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)အစည်းအဝေးကို ယနေ့နံနက်တွင် နေပြည်တော်၌ ကျင်းပလျက်ရှိရာ UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ကိုယ်စားလှယ်များ တက်ရောက်သည်။
ယခု UPDJC အစည်းအဝေးသည် ၂၁ရာစုပင်လုံညီလာခံ ကာလအတွင်းကျင်းပနေခြင်းဖြစ်ပြီး ညီလာခံတွင် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃) ကိစ္စကို ဆွေးနွေးသွားမည်ဖြစ်သည်။ အဆိုပါ အစိတ်အပိုင်း(၃)တွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက်များ ပါဝင်မည်ဖြစ်သည်။
ထို့ပြင် သြဂုတ် ၂၁ ရက်တွင်ကျင်းပမည့် ညီလာခံတတိယနေ့ အစီအစဉ်များ၊ ညီလာခံတွင် လုပ်ငန်းတာဝန် ခွဲဝေမှုနှင့် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးမည့်ပုဂ္ဂိုလ်များ၊ အသိသက်သေများ အခြေအနေ များကိုလည်း ယခုအစည်းအဝေးတွင်သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသွားမည်ဖြစ်သည်။
Ref ; 7Day

0 comments:

Post a Comment