Monday, August 17, 2020

UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ချက်ပေါင်း ၉ ချက် သဘောတူဆုံးဖြတ်နိုင်ခဲ့

(၁၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်း အဝေးမှာ ဆုံးဖြတ်ချက်ပေါင်း ၉ ချက် သဘောတူဆုံးဖြတ်နိုင်ခဲ့တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဒုတိယဥက္ကဌ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းကပြောပါတယ်။
နေပြည်တော် MICC 2 မှာ ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေး နိဂုံးချုပ်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“ဒီကနေ့ UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ချက်ပေါင်း ၉ ချက်ကို သဘောတူဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဒီ ဆုံး ဖြတ်ချက်တွေဟာ လာမယ့် သြဂုတ်လ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစု ပင်လုံအစည်းအဝေးတွေ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိကတာဝန်ယူရတဲ့ UPDJC ရဲ့ သန္ဒိဌာန်ကို ဖော်ပြနေတယ်လို့ ဆိုနိုင်ပါတယ်”လို့ ပြောပါတယ်။
ဒီကနေ့ UPDJC အစည်းအဝေးမှာ သဘောတူခဲ့ကြတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ ၅ ချက်အပြင် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှုဆိုင်ရာ ဇယာတစ်ခုလည်း ပါဝင်လာကြမှာဖြစ်တယ်လို့ ပြောပါတယ်။
"UPDJC အဖွဲ့ဝင်တွေအနေနဲ့ ၂၀၁၆ ကနေစပြီးတော့ UPDJC အစည်းအဝေး ၁၄ ကြိမ်ကျင်းပခဲ့ပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ၄ ကြိမ်အထိ ကျင်းပနိုင်တော့မှာဖြစ်ပါတယ်။ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း ၁ နဲ့ ၂ မှာ အခြေခံမူ ၅၁ ချက်အထိ ချမှတ်နိုင်ခဲ့ပြီး၊ လာမယ့် စတုတ္ထအစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို ချုပ်ဆိုနိုင်တော့မှာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ဘယ်အစိုးရပဲ တက်လာသည်ဖြစ်စေ အဆင်သင့်ဖော်ဆောင်သွားနိုင်မယ့် အဆင့်လိုက်လုပ်ငန်းစဉ်တစ်ရပ် ပေါ်ထွက်လာခြင်းဟာ ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ထူး ခြားလေးနက်တဲ့ မှတ်တိုင်တစ်ခုအဖြစ် တည်ရှိနေတော့မှာဖြစ်ပါတယ်”လိုလည်း ဒေါက်တာတင်မျိုးဝင်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
UPDJC ရဲ့ ဆွေးနွေးညှိနှိုင်းမှုတွေဟာ ရလဒ်ကောင်းတွေ၊ တိုးတက်မှုတွေ ရှိလာမယ်ဆို ရင် နိုင်ငံရေးဆွေးနွေးပွဲတွေအပေါ် ယုံကြည်မှုတွေ တိုးတက်မြင့်မားလာမှဖြစ်သလို တစ်ဖက်မှာလည်း နိုင်ငံရေးစာပွဲဝိုင်းတွေဆီကို ရောက်မလာနိုင်သေးဘဲ ကျန်ရစ်နေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့လည်း နိုင် ငံရေးအရတွေ့ဆုံဆွေးနွေးမှု အဖြေရှာနိုင်ရေးကို ပိုမိုပြီး စိတ်ဝင်စားလာကြမှာဖြစ်တယ်လို့ ပြောပါတယ်။
အခုဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးတစ်ခုတည်းမဟုတ်သလို ငြိမ်းချမ်းရေးတစ်ခုတည်းအတွက်လည်းမဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ နိုင်ငံတည် ဆောက်ရေး၊ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေ ပါဝင်စုစည်းနေတဲ့ ရေရှည်သဘောဆောင်တဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ ကြိုးပမ်းဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရလဒ် သုည လုပ်ငန်းစဉ်မဟုတ်သ လို ဆွေးနွေးပွဲစားပွဲဝိုင်းတွေမှာပါဝင်နေတဲ့ အစုအဖွဲ့တွေအတွက် သက်သက်လည်းမဟုတ်ကြောင်း၊ ထို့အတူ လက်နက်ကိုင်ပဋိပက္ခပါဝင်နေကြသူတွေအတွက်လည်းမဟုတ်ကြောင်း၊ ဒီကနေ့ ကြိုးပမ်းဆောင်ရွက်နေတဲ့ Process ဟာ ပါဝင်သူအားလုံးအတွက်သာမက ပြည်ထောင်စုတစ်ခုလုံးအတွက် မျှော်မှန်းဆောင်ရွက်နေကြ တာဖြစ်ကြောင်း၊ ဒီကနေ့အထိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခငြိမ်းချမ်းရေးအတွက်လည်း ထည့်သွင်းစဉ်းစားပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်နေကြတာတွေလည်း ထူးခြားချက်လို့ဆိုနိုင်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment