Friday, August 14, 2020

“ပြည်သူ့ဆန္ဒနဲ့ အညီဆိုတာ ဘာနဲ့တိုင်းတာမလဲ”ဟု UECကို ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး မေးခွန်းထုတ်

နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ “ပြည်သူ့ဆန္ဒနဲ့အညီဆိုတာ ဘာနဲ့တိုင်းတာမလဲ”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ကို ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက မေးခွန်းထုတ်လိုက်သည်။
“UEC က အသံကုန် အော်နေတာကတော့ ပြည်သူ့ဆန္ဒနဲ့ ထပ်တူကျတဲ့ အဖြေထုတ်နိုင်ဖို့ စံ (၅)ချက်နဲ့အညီ ဆောင်ရွက်မယ်ဆိုပါတယ်။ ပြဿနာက ပြည်သူ့ဆန္ဒနဲ့အညီဆိုတာကို ဘာနဲ့တိုင်းတာမလဲ ဆိုတာပါပဲ။ မဲများတိုင်း ပြည်သူ့ဆန္ဒလား၊ မဲပေးခွင့်ရှိသူ ဘယ်လောက်မဲလာပေးမှ ပြည်သူအများစု ဆန္ဒဖြစ်မယ်လို့ စံသတ်မှတ်ထားပြီးပြီလား၊ လုပ်ပိုင်ခွင့်ဆုပ်ကိုင်ထားသူ နိုင်စေလိုသူနိုင်မှ ပြည်သူ့ဆန္ဒလို့ ပြောမလား၊ ပြည်သူတွေဟာ ပူပင်ကြောင့်ကြကင်းစွာနဲ့ ပေါ့ပါးပျော်ရွှင်စွာ မဲလာပေးကြမယ်လို့ မျှော်လင့်ထားတုံးပါပဲလား” ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက လူမှုကွန်ယက်စာမျက်နှာတွင် ယမန်နေ့က မေးခွန်းထုတ် ရေးသားထားသည်။
ထို့ပြင် လက်ရှိနိုင်ငံ၏ စီးပွားရေး ကျဆင်းနေချိန်တွင် အထွေထွေရွေးကောက်ပွဲအတွက် ငွေကျပ်ဘီလီယံ (၅၀) ဝန်းကျင် ကုန်ကျခံပြီး ကျင်းပရန်ပြင်ဆင်နေခြင်း၊ လူတစ်ဦးချင်း၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် COVID- 19 ကပ်ရောဂါ ဖြစ်ပွားနေခြင်းစသည့် အရင်းအနှီးကြီးမားသော စိန်ခေါ်မှုများနှင့် ကျင်းပမည့်ရွေးကောက်ပွဲမှ ပြန်လည်မျှော်လင့်နိုင်မည့်အရာများကိုလည်း ဦးသန်းဌေးက မေးခွန်းထုတ်ထားသည်။
COVID-19 ကာလ ရွေးကောက်ပွဲကျင်းပခြင်းနှင့် ပတ်သက်၍လည်း မဲပေးခြင်းကြောင့် ပြည်သူတွေကို မကူးစက်နိုင်ပါကြောင်း အာမခံချက် ပေးနိုင်/မပေးနိုင်၊ နိုင်ငံရေးပါတီများ၏ အိပ်ဖွင့်စာများအပေါ် အရေးယူဆောင်ရွက်ထားမှု အခြေအနေများ၊ မေးမြန်းမှုများကို ဖြေချင်မှဖြေမည်ဆိုပါက အဆင်မပြေနိုင်ကြောင်း၊ မဲပေးမည့်သူ ၆၀၀ အထက်ရှိသည့် မဲရုံများတွင် စနစ်တကျစည်းကမ်းရှိနိုင်ရန် မသေချာသောကြောင့် မဲမပေး လိုက်ရသူများ ရှိလာနိုင်ကြောင်းနှင့် အဆိုပါအကြောင်းအရာများသည် အများပြည်သူနှင့် သက်ဆိုင်သည့် ကိစ္စများဖြစ်သောကြောင့် အများသိနိုင်စေရန် စာအိတ်ဖွင့်ပြီး ပေးခြင်းဖြစ်ကြောင်း ဦးသန်းဌေးက ဆက် လက်ရေးသားထားသည်။
ထို့ပြင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြည်သူများအား COVID-19 ရောဂါအကြောင်း စိုးရိမ်တကြီးဖြင့် နေ့စဉ်သတိပေး ပြောကြား ရေးသားနေသူများ၏ ကိုယ်တိုင်လိုက်နာဆောင်ရွက်မှုများကို မီဒီယာများတွင် တွေ့မြင်နေရပြီး လိုက်နာစေလိုသူသာ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များဟု အဓိပ္ပာယ်ထွက်နေခြင်းသည် ပြည်သူညံ့၍ မဟုတ်ကြောင်း၊ မဲပေးသင့်သည် ၊ မဲပေးရမည် ၊ စိတ်ချလက်ချ မဲပေးနိုင်သည်ဆိုသည့် ယုံကြည်မှု၊ တရားမျှတမှု ရှိလိမ့်မည်ဆိုသည့် ယုံကြည်မှု၊ ပြည်သူများနှင့် stake holder အားလုံးကို ပေးရမည်ဖြစ်ပြီး ယုံကြည်မှုကို အမိန့်ထုတ်ဆင့်၍ မရယူနိုင်ကြောင်း ထပ်မံရေးသားထားသည်။
Ref ; Competitor

0 comments:

Post a Comment