Thursday, August 13, 2020

ပြီးခဲ့သည့် ရွေးကောက်ပွဲ ၃ ကြိမ် ဆက်တိုက် စောင့်ကြည့်ခွင့်ရရှိခဲ့သော အရပ်ဘက် PACE အဖွဲ့ကို ၂၀၂၀ ရွေးကောက်ပွဲ စောင့်ကြည့်ခွင့် UEC မှ ပိတ်ပင်

မြန်မာနိုင်ငံအတွင်း ကျင်းပပြုလုပ်နေသော ရွေးကောက်ပွဲများအား တရားမျှတမှု စောင့်ကြည့်ရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှု အဖွဲ့ PACE(People’s Alliance for Credible Elections) ကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်UEC က ပိတ်ပင်လိုက်ကြောင်း PACE က တရားဝင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။
PACE အဖွဲ့သည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ရရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် လေ့လာစောင့်ကြည့်ခွင့် မပြုခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် PACE အဖွဲ့သည် သင်းဖွဲ့မှတ်ပုံတင်ထားခြင်းမရှိသောကြောင့်ဖြစ်ကြောင်း သိရှိရသည်။
ရွေးကောက်ပွဲစောင့်ကြည့်ရေးဆိုင်ရာ PACE အဖွဲ့အနေက အသင်းအဖွဲ့ အဖြစ် မှတ်ပုံတင်ရန် လုပ်ဆောင်ရာတွင် UEC ဘက်က ထောက်ခံချက် မရှိသဖြင့် မှတ်ပုံတင်ရန် အခက်အခဲဖြစ်ခဲ့ကြောင်း သိရှိရသည်။
PACE အဖွဲ့အပေါ် ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေး ပိတ်ပင်မှုသည် ရွေးကောက်ပွဲ တရားမျှတမှုကို ထိခိုက်ပြီး အရပ်ဘက်အဖွဲ့အစည်းအခန်းကဏ္ဍကို ထိခိုက်စေနိုင်ကြောင်း PACE အဖွဲ့က ယနေ့ပြုလုပ်သည် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန် ပြောဆိုလိုက်ကြောင်း သိရသည်။
Crd : People’s Alliance for Credible Elections #Myanmar_Online_News

0 comments:

Post a Comment