Thursday, August 13, 2020

OIC တွင် အုပ်စုကွဲ ခြိမ်းခြောက်သတင်း ထွက်ပေါ်လာပြီးနောက် ပါကစ္စတန်အား ဆော်ဒီက ချေးငွေနှင့်ရေနံတင်ပို့မှု အဆုံးသတ်။ အစ္စလာမ်ကမ္ဘာတွင် ဆော်ဒီ၏ ဦးဆောင်မှုကို ဖယ်ရှားရန်နှင့် အုပ်စုဖွဲ့မှုများဖြစ်ပေါ်နေ

ကက်ရ်ှမီးယားအရေးကိစ္စနှင့် ပတ်သက်၍ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အပေါ် ပါကစ္စတန်က ဝေဖန်ခြင်းသည် အုပ်စုကွဲအောင် ဖန်တီးရာရောက်သည်ဟုဆိုကာ အဖွဲ့ကြီးအား ဦးဆောင်နေသည့် ဆော်ဒီအာရေးဗီးယားက ပါကစ္စတန်အား ချေးငွေနှင့် ရေနံတင်ပို့မှု အဆုံးသတ်လိုက်ကြောင်း Middle East Monitor က ယမန်နေ့ ရေးသားသည်။
ကက်ရှ်မီးယားအရေးတွင် ဆော်ဒီဦးဆောင်သော OIC အနေဖြင့် အိန္ဒိအား လုံလောက်စွာ ဖိအားပေးခြင်း မရှိကြောင်း ပါကစ္စတန်က ဝေဖန်ခြင်းမှာ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှ အစ္စလာမ်မိတ်ဖက်နှစ်နိုင်ငံအကြား ဆက်ဆံရေး ယိုယွင်းလာစေမည့် အကြောင်းသစ် ဖြစ်လာခဲ့ရသည်။
လွန်ခဲ့သည့် နှစ်၌ ကက်ရှ်မီးယားရှိ နယ်မြေအများစုကို အိန္ဒိယက ၎င်း၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်သို့ သွတ်သွင်းလိုက်သည်။ ကက်ရှ်မီးယားအရေးနှင့် ပတ်သက်၍ OIC ၏ ထောက်ခံမှုကို ပြသရန်အတွက် ဆော်ဒီက ခွင့်ပြုပါရန် ပါကစ္စတန်က အခိုင်အမာ တောင်းဆိုခဲ့သည်။ ဤတွင် ဆော်ဒီက ၎င်း၏ ချေးငွေ အမေရိကန်ဒေါ်လာ ၁- ဘီလျှံကို ပြန်ဆပ်ရန် ပါကစ္စတန်အား အတင်းအကြပ်စေခိုင်းခြင်းဖြင့် တုန့်ပြန်ခဲ့သည်။
အဆိုပါချေးငွေမှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ဆော်ဒီကြေညာခဲ့သော ဒါ်လာ ၆.၂ ဘီလျှံ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ၎င်းတွင် ချေးငွေစုစုပေါင်း ဒေါ်လာ ၃ ဘီလီယံနှင့် ရေနံအတွက် ဆိုင်းငံငွေ ဒေါ်လာ ၃.၂ ဘီလျှံ တို့ပါဝင်သည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် ပါကစ္စတန်နိုင်ငံသို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆယ်လ်မန် MBS အလည်အပတ်ရောက်ရှိချိန်၌ ၎င်းသဘောတူညီချက်များကို လက်မှတ်ရေးထိုးပေးခဲ့ခြင်း ဖြစ်သည်။ ချေးငွေနှင့် ရေနံတင်ပို့မှု အဆုံးသတ်ရခြင်းမှာ ပါကစ္စတန်က ချေးငွေ ၁-ဘီလျှံ ပေးဆပ်ရန် ပျက်ကွက်သည့်အတွက်ဟု MBS က အကြောင်းပြသည်။
အိန္ဒိယနှင့် ပူးပေါင်းမှုများ နောက်ထပ်တိုးချဲ့ရန် အာရုံစိုက်လျှက်ရှိသည့် ဆော်ဒီသည် ကက်ရ်ှမီးယား အရေးအတွက် သီးခြားဆန္ဒပုံမရပါ။ ဆော်ဒီ-အိန္ဒိယဆက်ဆံရေးတွင် ပါကစ္စတန်က အနှောက်အယှက်မပြုရန် MBS က လိုလားဟန်တူသည်။
( ကက်ရှ်မီးယားအရေးနှင့် ပတ်သက်၍ ) OIC နိုင်ငံခြားရေး ဝန်ကြီးများ ကောင်စီအနေဖြင့် အထူးအစည်းအဝေးအဖြစ် ညီလာခံကျင်းပရန် ပါကစ္စတန်၏ တောင်းဆိုမှုကို ပယ်ချခံရချိန်မှစတင်၍ နှစ်နိုင်ငံကြား ဆက်ဆံရေး စတင်ပျက်ပြားသွားသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်၌မူ ပါကစ္စတန် ARY သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကွာရီရှီက ကက်ရှ်မီးယားအရေးကိစ္စတွင် OIC က ၎င်း၏ အခန်းကဏ္ဍကို အသုံးချရန် ဆက်လက်တောင်းဆိုခဲ့သည်။ ပါကစ္စတန်၏ မျှော်လင့်ချက်ဖြစ်သည့် OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပပါရန် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ရိုသေလေးစားစွာ ထပ်မံပြောကြား လိုပါကြောင်း၊ အကယ်၍ အစည်းအဝေးကျင်းပခြင်း မရှိခဲ့လျှင် ပါကစ္စတန်အား ကိုယ့်လမ်းကိုယ်လျှောက်ရန် အတင်းအကြပ် ဖန်တီးရာ ရောက်ကြောင်း၊ ထိုအတွက် ကက်ရှ်မီးယားအရေးတွင် အစ္စလာမ်မစ်နိုင်ငံများ အနေဖြင့် ပါကစ္စတန်အား ထောက်ခံ၍ ဖိနှိပ်ခံ ( မွတ်စလင် ) တို့နှင့်အတူ ရပ်တည်ကြောင်း ( ဆော်ဒီ၏ ပြိုင်ဘက်များနှင့် ) ညီလာခံ ခေါ်ယူရေးကို ဝန်ကြီးချုပ် အင်မရန်ခန်းအား တိုက်တွန်းမည်ဖြစ်ကြောင်း၊ ပါကစ္စတန်အနေဖြင့် ( ဆော်ဒီဦးစီးသည့် ) OIC ၏ အပြင်ဘက်သို့ ရောက်ရန် အသင့်ရှိရလိမ့်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက သတိပေး ပြောဆိုခဲ့သည်။
ဆော်ဒီနှင့်ပါကစ္စတန်တို့သည် ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် စစ်ရေးတို့တွင် များတွင်ခိုင်မာသည့် အပြန်အလှန် ဆက်ဆံရေးများ သမိုင်းဝင်တည်ရှိခဲ့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ဘဏ္ဍာရေးအကျပ်အတည်း ကြုံတွေ့ခဲ့ရသည့် ပါကစ္စတန်အနေဖြင့် ကယ်တင်မည့် အဓိကမဟာမိတ်အဖြစ် ဆော်ဒီအား ရှုမြင်ခဲ့သည်။
ဆော်ဒီနှင့် ပါကစ္စတန်တို့အကြား ယခုကဲ့သို့ ဆက်ဆံရေးတင်းမာခြင်းမှာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါ။ အစည်းအဝေး ကျင်းပရန် ဆော်ဒီက ရွှေ့ဆိုင်းခြင်းသည် ပါကစ္စတန်အား နေမထိထိုင်မသာ ဖြစ်စေခဲ့သည်။ လွန်ခဲ့သည့် ဒီဇင်ဘာလ၌ မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ဆော်ဒီ၏ ပြိုင်ဘက်များဖြစ်သော အီရန်နှင့် တူရကီကဲ့သို့ မွတ်စလင်ကမ္ဘာ၏ အခြားထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတက်ရောက်ရန် ပါကစ္စတန်အပေါ်ု ဖိအားပေးသလိုဖြစ်ခဲ့ရသည်။ ထိုအစည်းအဝေးမှာလည်း မွတ်စလင်ကမ္ဘာ၌ ဆော်ဒီ၏ သြဇာလွှမ်းမိုးမှုကို ဆော်ဒီအား အစဉ်အလာအရ ခယနေရသည့် ပါကစ္စတန်က စိန်ခေါ်ခြင်း တစ်ခုအဖြစ် ရှု့မြင်ကြသည်။
ယခုသတင်းကို ယမန်နေ့ Economic Times တွင် ဒီပန်ဂျန်ရွိုင်းချောင်ဒရီက “ OIC အတွင်း အုပ်စုခွဲမည်ဟု ခြိမ်းခြောက်မှုထွက်ပေါ်လာပြီးနောက် ပါကစ္စတန်အား ဆော်ဒီက ချေးငွေနှင့် ရေနံတင်ပို့မှု အဆုံးသတ် “ ခေါင်းစဉ်ဖြင့် သတင်းဖော်ပြသည်။
တူရကီကျောထောက်နောက်ခံဖြင့် ပါကစ္စတန်၏ရပ်တည်ချက်မှာ အစ္စလာမ်ကမ္ဘာ၌ ဆော်ဒီ၏ဦးဆောင်မှုကို စိန်ခေါ်လိုပုံရသည်။ မေလတွင် မော်လ်ဒိုက်နိုင်ငံသည် အိန္ဒိယနိုင်ငံအပေါ်ပါကစ္စတန်၏ အမျက်ဒေါသကို ဆန့်ကျင်ခြင်းဖြင့် အစပြုခဲ့သည်။ ကက်ရှ်မီးယားအရေးမှာ ဒေသတွင်းပြဿနာသာလျှင်ဖြစ်သည်ဆိုသော အိန္ဒိယအား ယူအေအီး၊ အိုမန်နှင့် အချို့သောမြောက်အာဖရိကနှင့် အနောက်အာရှနိုင်ငံများနည်းတူ ဆော်ဒီက ထောက်ခံသည်။ အိန္ဒိယသည် ဗဟိုအာရှနှင့် ကမ္ဘာ့အကြီးဆုံး မွတ်စလင်တိုင်းပြည်ဖြစ်သော အင်ဒိုနီးရှား၏ နည်းဗျူဟာအရ ထောက်ခံမှုကိုပင် ရရှိထားသည်။
OIC တွင် ပါကစ္စတန်အမြဲတမ်းကိုယ်စားလှယ်၏ ဆောင်ရွက်မှုများကို အဖွဲ့ဝင် နိုင်ငံများစွာတို့က အရေးတယူ မရှိခဲ့ပါ။ စိတ်ဝင်စားဖွယ် ထူးခြားသည်မှာ အိန္ဒိယကိုထောက်ခံရန် ယူအေအီး၏ ဆုံးဖြတ်ချက်ကို ပါကစ္စတန် အခြေစိုက် ဆိုရှယ်မီဒီယာတွင် ထောက်ခံသူများ ရှိနေကြခြင်းဖြစ်သည်။ ယူအေအီးသည် လွန်ခဲ့သည့် မေလ (၁၉) ရက်တွင် OIC အမြဲတန်းကိုယ်စားလှယ်အဖွဲ့ အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
(( OIC ကမ္ဘာတွင် ဆော်ဒီ၏ ဦးဆောင်မှုကို ယှဉ်ပြိုင်လာသည်မှာ တူရကီ-အီရန်-ကာတာအုပ်စုဖြစ်သည်။ ၎င်းတို့တွင် မကြာသေးမီက နိုင်ငံရေး အထိနာသွားသော မလေးရှား မဟာသီယာလည်းပါဝင်သည်။ အရှေ့ အလယ်ပိုင်းသည် ကမ္ဘာ့ရေနံတွင်းကြီးဖြစ်ယုံမက အရှေ့-အနောက်ဆုံရာတွင် တည်ရှိ၍ ပထဝီနိုင်ငံရေးအရ အလွန်အရေးပါသည်။ ၎င်းတို့အကွဲအပြဲသည် ကမ္ဘာကြီးအား တစ်နည်းတစ်ဖုံ ဂယက်ရိုက်နိုင်ပါသည်။
အထူးသဖြင့် ဆီးရီးယားပြည်တွင်းစစ်ရေးမှာ ငြိမ်းချမ်းစွာ ဖြေရှင်းရန် အစပင်ရှာမရနိုင်အောင်ရှိသည်။ ဆီးရီးယားသူပုန်များတွင် ဒေသတွင်း မွတ်စလင်နိုင်ငံများသာမက ချေချင်းညာ၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှား မှ စစ်သွေးကြွများလည်းပါဝင်နေသည်။
ဆီးရီးယားသည် စူးအက်တူးမြောင်းနှင့် ပင်လယ်နက် ထွက်ပေါက်ဝတွင် တည်ရှိပြီး ရုရှား၏ အရှေ့တံခါးဝဖြစ်သည်။ မလက္ကာရေလက်ကြားမြောက်ဖက်- တရုတ်၏ နောက်ဖေးပေါက်တွင် ရှိနေသော မြန်မာနှင့် တည်ရှိနေပုံ ပထဝီနိုင်ငံရေးအရ အလွန်တူပါသည်။
မိခင်နှင့် တူသည့် ချစ်လှစွာသော ဒီမိုကရေစီဖက်ဒရယ် မြန်မာပြည်အဖြစ် နိုင်ငံတကာ မည်သည့်နိုင်ငံနှင့်မဆို တန်းတူအဆင့်တူ ဆက်ဆံခြင်းဖြင့် ကမ္ဘာတည်၍ တည်တန့်ပါစေ၊ တစ်ဦး-တစ်ဖွဲ့- လူမျိုးတစ်မျိုးတည်း အကျိုး အတွက် နိုင်ငံရေတိမ်နစ်ရခြင်းမှ ကင်းဝေးပါစေသတည်း။
။ သတင်းဘာသာပြန်သူ ))
Source : Middle East Monitor, 12 Aug 2020,
“Saudi Arabia ends loan and oil supply to Pakistan over its criticism of OIC on Kashmir ”
Crd ; HtayOung / OungMarine

0 comments:

Post a Comment