Friday, August 7, 2020

Octane နံပတ် 92 အဆင့်ရှိ ဆီများ ထုတ်လုပ်နိုင်သည့် ရေနံချက်စက်ရုံများကို ပခုက္ကူမြို့နယ်၌ တည်ဆောက်ခွင့်ပြုထား

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာ အုပ်စု ကွင်းအမှတ် (၃၅၈/၁၈၉၆) ရှိ မြေလွတ်မြေရိုင်း အကျယ် ဧက (၂၀၀) ပေါ်တွင် တင်ဒါ ခေါ်ယူခွင့်ပြုခဲ့သည့် Mini Refinery အသေးစား ရေနံချက်စက်ရုံ (၅) ခုအား Octane နံပတ် 92 အဆင့် ရှိ ဓာတ်ဆီများ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ တည်ဆောက်ခွင့် ပြုထားကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ထံမှ သိရသည်။
မကွေးတိုင်း ၊ မင်းလှမြို့နယ် ၊ မန်းသံပုရာကန်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ရေနံချက် စက်ရုံတစ်ခု ရှိနေသော်လည်း ဒေသတွင်း ရေနံလက်ယက် တွင်းတိမ်များကထွက်ရှိသည့် ရေနံများကို အဆင့်မီ စက်သုံးဆီ ထုတ်လုပ်ရန် ပခုက္ကူ၌ တိုင်းဒေသကြီး အစိုးရက စီစဉ်ခဲ့ခြင်း ဖြစ်သည်။
“ ဓာတ်ဆီဆိုင်တွေ သွားရင် 92 ၊ 95 ပြောကြပါတယ်။ 92 ချက်နိုင်တဲ့စက်ရုံ မြန်မာပြည်မှာ မရှိသေးပါဘူး။ ရေနံ တွေကိုလေလံတင် ရောင်းချပြီးတော့မှ ဒီဆိုင်တွေကို ရောက်သွားတယ်။ 92 ဖြစ်သွားတယ်။ အဲဒါတွေကို သိနေတဲ့အတွက် ဒီပခုက္ကူ စက်မှုဇုန်ကနေ 92 တွေထွက်ပြီးတော့ တိုင်းအတွက် ပိုကောင်းမယ် စဉ်းစားပြီး စက်ရုံတွေကို တည်တာပါ။ မန်းသံပုရာကန် က ထွက်တဲ့ဓါတ်ဆီက 68 အထိပဲချက်နိုင်ပါသေးတယ် ” ဟု မကွေးတိုင်း အစိုးရ အဖွဲ့ သဘာဝပတ်ဝန်းကျင်၊ သယံဇာတ နှင့် စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော် က ပြောသည်။
လက်ယက်တွင်းတိမ်လုပ်ကွက်များက ထွက်ရှိသည့် ရေနံများကိုဝယ်ပြီး မန်းသုံပုရာကန်၌ ချက်ရန်စီစဉ်ခဲ့သော်လည်း ပြည်ထောင်စုအဆင့်တာဝန်ရှိသူက နည်းပညာအရ မဖြစ်နိုင်ဟု ဆိုသည့်အတွက် ဒေါ်လာ ၅သန်းအထက်တန်ဖိုးရှိ ပခုက္ကူရေနံချက်စက်ရုံစီမံကိန်းအား ပြည်ထောင်စုအစိုးရသဘောတူညီချက်ဖြင့် ခွင့်ပြုခဲ့သည်ဟု ဝန်ကြီးဦးမြင့်ဇော် က ဆိုသည်။
“ ပထမအချက်က တွင်းတိမ်ထွက်တဲ့ ရေနံအဆင့်ကနိမ့်နေလို့ သံပုရာကန်မှာ ချက်လို့မရဘူး ။ နောက်တစ်ချက်က ပခုက္ကူမှာ ချက်မှာက တစ်နေ့ကို ဂါလံသုံးထောင်ကနေ သုံးသောင်းထိပဲ ချက်နိုင်နိုင်တဲ့ Mini Refinery ဖြစ်ပါ တယ်။ သံပုရာကန်က ဂါလံသိန်းနဲ့ချီချက်မှ ချက်လို့ရမှာဆိုတော့ လည်နိုင်လောက်အောင် ရေနံထောက်ပံ့နိုင်တဲ့ အနေအထားလည်း မရှိဘူး ” ဟု မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြောသည်။
ကုမ္ပဏီများက အချိုးကျ ကုန်ကျစရိတ်ကျခံ၍ စက်ရုံပတ်လမ်းများ ၊ အဝင်အထွက်လမ်းများ ၊ ရေကျော်တံတားများ နှင့် လျှပ်စစ်မီး သွယ်တန်းခြင်း လုပ်ငန်းများ တည်ဆောက်လျက် ရှိပြီး ကုမ္ပဏီ(၅) ခုထဲမှ Sunny Global Manufacing Co.Ltd ၏ လုပ်ငန်းမှာ လည်ပတ်နိုင်ရန် နီးစပ်နေပြီ ဖြစ်ကြောင်း မကွေးတိုင်း အစိုးရအဖွဲ့ က သိရသည်။
Crd : ပခုက္ကူူမီဒီယာ

0 comments:

Post a Comment