Thursday, August 20, 2020

NCAပေါ်မှာ ရပ်တည်ချက်ယိမ်းယိုင်နေတာ အန္တရာယ်များကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCAစာချုပ်အပေါ်မှာ ရပ်တည်ချက်ယိမ်း ယိုင်နေတာဟာ အန္တရာယ်များကြောင်း မနေ့က သြဂုတ်လ ၁၉ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအ‌ဝေးရဲ့ အဖွင့်မိန့်ခွန်းမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်တာဖြစ်ပါတယ်။

“NCAဟာ ငြိမ်းချမ်းရေးရဲ့ အခြေခံမူတွေဖြစ်ပါတယ်။ ဒီအပေါ်မှာ ယိမ်းယိုင်နေလို့ မရပါဘူး။ တာဝန်ရှိသူ များကိုယ်တိုင် ဒီစာချုပ်ပေါ်မှာ သဘောထားထား ဝေဝါးနေတာ၊ ရပ်တည်ချက် ယိမ်းယိုင်နေတာတွေဟာ အန္တရာယ်များပါတယ်”လို့ ၎င်းက ပြောလိုက်တာဖြစ်ပါတယ်။
KNU ရဲ့ ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်း က’’NCA ဆွေးနွေးသဘောတူညီချက်တွေအပေါ် ယိမ်းယိုင်လာတယ် အန္တရာယ်ရှိတယ်ဆိုတာဟာ သူတို့(တပ်မတော်)လိုချင်တဲ့ မျှော်မှန်းချက်က လက်ခံနိုင်တဲ့ အတိုင်းအ တာမဟုတ်တာ မျိုးဆိုရင်‌တော့ သူတို့ စိုးရိမ်မှာပဲ။ဘယ်သူပဲဖြစ်ဖြစ်NCAမှာ ပါဝင်တဲ့သူတွေအားလုံး တာဝန် ရှိရှိနဲ့ အကောင်အထည် ဖော်ရပါမယ်’’ ဟု ပြောပါတယ်။
NCAစာချုပ်မှာ FPNCCအဖွဲ့ဝင်တွေဖြစ်တဲ့ UWSA၊ NDAA၊ KIA၊SSPP၊ TNLA၊ AA၊ MNDAAနဲ့ FPNCCအဖွဲ့ဝင်မဟုတ်တဲ့ KNPPတို့ ရေးထိုးထားခြင်းမရှိသေးပါဘူး။ NCAစာချုပ်ကို မပြုပြင်နိုင်တဲ့အပေါ် ၎င်းတို့အဖွဲ့တွေအနေနဲ့ ပါဝင်ဆောင်ရွက်ဖို့တော့ ခက်ခဲလိမ့်မယ်လို့ မြောက်ပိုင်းအဖွဲ့တွေက ဆိုပါတယ်။
TNLAရဲ့အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်“ကျွန်တော်တို့ကတော့ ပွင့်ပွင့်လင်းလင်းပြောပြီးသား NCAကို ဒီတိုင်းလက်မခံနိုင်ဘူး။ အခုကျွန်တော်တို့ အဲ့ဒါကိုတော့ သေချာပြင်ဖို့လိုတယ်။ အဲတာ မပြင်သေးပဲနဲ့တော့ NCAထဲက အချို့အချက်အလတ်တွေကို လိုက်ပါဆောင် ရွက်ဖို့ကတော့ အခက်အခဲရှိတယ်။ အဲလိုသွားချင်တဲ့ လမ်းကြောင်းတွေက မရှင်းသေးတဲ့အတွက် ဆွေးနွေး ပွဲတွေ ကြာနေတာဖြစ်ပါတယ်”လို့ ပြောပါတယ်။
RCSSရဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ မိန့်ခွန်းမှာတော့ ၂ဝ၂ဝအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နဲ့နိုင်ငံရေးဆွေး နွေးပွဲအဆင့်ဆင့်မှာ NCAစာချုပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေ ပါဝင်နိုင်ရေး အတွက် အားလုံးပါဝင်ရေးမူနဲ့ အလေးထားဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
မြောက်ပိုင်းအဖွဲ့တွေ NCAထဲ ပါဝင်လာဖို့ဟာ ရေရှည်ဆက်လက်ညှိနှိုင်းရဦးမယ်လို့ ALPရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
“နိုင်ငံရေးမှာက ပြေလည်မယ်လို့လည်း ပြောလို့မရဘူး။ ဘယ်က သက်သေပြမလဲဆိုတော့ အလုပ်ကပဲ သက်သေပြမှာဖြစ်တယ်။ ကြာကြာတော့ ထိုင်ရမှာပေါ့။ သူတို့တွေနဲ့ အစိုး ရဘက်က မကြာမကြာ တွေ့ဆုံဖို့လိုတယ်။ တွေ့ဖန်များလာတာတော့ ယုံကြည်မှုတွေလည်း ရလာတယ်”လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
သြဂုတ်လ ၁၉ ရက်ကနေ ၂၁ ရက်အထိ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအ‌ဝေးမှာတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့အများစု ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC က MNDAA၊ KIA၊ TNLA၊ AA၊ UWSA၊ SSPP၊ MDAA တို့ကို ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် AA ကို‌တော့ ဖိတ်ကြားခြင်းမရှိဘူးလို့ FPNCC က ထုတ်ပြန်ထားပါတယ်။
အဆိုပါ ဖိတ်ကြားခြင်းခံရတဲ့ FPNCC အဖွဲ့တွေကလည်း လာမယ့် ညီလာခံကို ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ခရီး သွားလာရေး အခက်အခဲရှိလို့ မတက်ရောက်ဘူးလို့ သြဂုတ်လ ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။
Source - Shwe Phee Myay News Agency

0 comments:

Post a Comment