Monday, August 24, 2020

စစ်တွေမြို့တွင် Mask မတပ်ဘဲ သွားလာသူများကို အရေးယူမှုများပြုလုပ်နေပြီး ဈေးဆိုင်အများစုပိတ်ထားသည့်အတွက် အခြေခံလူတန်းစားများ စားဝတ်နေရေး အခက်အခဲဖြစ်လာ

COVID-19 ရောဂါပိုးကူးစက်မှုများ ပြားလာသည့်အတွက် စစ်တွေမြို့၌ Mask မတပ်ဘဲ သွားလာသူများကို အရေးယူမှုများ ပြုလုပ်နေပြီဖြစ်သကဲ့သို့ ဈေးဆိုင်အများစုမှာလည်း ပိတ်ထားရသည့်အတွက် အခြေခံ လူ တန်းစားများ အခက်အခဲဖြစ်လာကြောင်း သိရသည်။
သြဂုတ် ၁၆ ရက်မှ ၂၃ ရက် နံနက်ပိုင်း အထိ ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့တွင် ပိုးတွေ့လူနာ ၄၈ ဦး၊ မြောက်ဦးမြို့၌ သုံးဦး၊ သံတွဲမြို့တွင် နှစ်ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပိုးတွေ့လူနာ များပြားလာ သည့်အတွက် COVID-19 ဓာတ်ခွဲစစ်ဆေး မှုနှင့်ပတ်သက်၍ စစ်တွေဆေး ရုံတွင် Gene Xpert စက်နှစ်လုံးဖြင့် စစ်ဆေးရှာဖွေလျက်ရှိပြီး ရောဂါဗေဒအထူးကုဆရာဝန်ကြီးတစ်ဦးနှင့် အဏုဇီဝဗေဒပညာရှင်နှစ်ဦးကိုလည်း အင်အားဖြည့်တင်းထားသည်ဟု သိရသည်။
ယင်းအပြင် လူနာများ တိုးချဲ့နေရာများ ဆောင်ရွက်နေပြီး လိုအပ်ပါက ယာယီဆေးရုံများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။ COVID-19 ဖြစ်ပွားမှုကြောင့် သြဂုတ် ၂၃ ရက်တွင် စစ်တွေမြို့မဈေးမှ ငါးဈေးတန်း နှင့် ဟင်းသီးဟင်းရွက်ဈေးတန်းကို ဈေးအပြင်ဘက်သို့ ပြောင်းရွှေ့ရောင်းချစေရန် ပြင်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ ကြောင်း သိရသည်။
သတ်မှတ်ထားသည့်အတိုင်း လုပ် ဆောင်ရန်ကြိုးစားခဲ့သည့်တိုင် ဈေးသည် များက အတင်းဖွင့်ခိုင်းသည့် အတွက် ဈေးကြီးကိုဖွင့်ပေးလိုက်ရကြောင်း စည်ပင်ကော်မတီဝင် ဦးစောဝင်းက ပြောကြားသည်။
“ကျွန်တော်တို့ စည်ပင်ကော်မတီနဲ့ အခြားအဖွဲ့အချို့က ဈေးကြီးကိုပိတ်ဖို့လုပ် တယ်။ ဒါပေမဲ့ မအောင်မြင်ဘူး။ ဈေးမှာ ညစောင့်ကို ရိုက်မလိုလုပ်တဲ့အတွက် သူထွက်ပြေးသွားရတယ်။ ဆိုတော့ ကျွန်တော်တို့မှာ လုပ်ရကိုင်ရတာ ခက်တယ်။ လုံခြုံရေးလည်း မပါဘူးဆိုတော့ အဆင်ပြေဘူး။ အထက်မှာ အစည်းအဝေးလုပ်တယ်။ ညွှန်ကြားတယ်ဆို ရုံနဲ့မပြီးဘူးလို့မြင်တယ်။ တခြားဌာနကလူ တွေလည်းဝိုင်းပြီးပါဝင်သင့်တယ်။ အခုက ကျွန်တော်တို့ စည်ပင်ကော်မတီရယ်၊ မီးသတ်ရယ်၊ မြို့မိမြို့ဖရယ်ပဲ လုပ်နေရတော့ အလုပ်မဖြစ်ဘူး။ အားလုံး ဝိုင်းဝိုင်းကူညီဖို့လို တယ်။ အထက်ကနေပြီး စာရွက်မှာအလုပ် လုပ်လို့မရဘူး။ ဒီကိစ္စက လူတိုင်းနဲ့ဆိုင် တယ်။ ဌာနဆိုင်ရာအားလုံးနဲ့လည်းဆိုင် တယ်။ ဒါကြောင့် လက်တွေ့လုပ်ဆောင်ချက် တွေလိုအပ်ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် အခြားမြို့နယ်များမှ ကားများ၊ ရေယာဉ်များ ဝင်ထွက်သွားလာမှုကို ကန့် သတ်ထားသည့်အတွက် စစ်တွေမြို့သို့ လာ ရောက်သူ မရှိတော့သည့်အတွက် လမ်းဘေး ဈေးသည်များအနေဖြင့် စားသောက်ရေး အပိုင်းတွင် အခက်အခဲဖြစ်လာနိုင်ကြောင်း နှင့် ဆိုက်ကားနင်းသူ အနှေးယာဉ်လုပ်သား များအနေဖြင့်လည်း အလုပ်မဖြစ်သည့်အတွက် အခက်အခဲများ ဖြစ်လာနေပြီဖြစ် ကြောင်း၊ ၎င်းတို့မှာ တစ်နေ့ရှာတစ်နေ့စားရ သည့်ဘဝဖြစ်သည့်အတွက် နောက်ရက်များအတွက် စိုးရိမ်လာမိကြောင်း ပြောဆိုမှုများရှိ နေသည်။
“ကျွန်မတို့ လမ်းဘေးဈေးသည်တွေ ကတော့ အခက်အခဲဖြစ်လာတာပေါ့။ ရောင်းချလို့လည်း အဆင်မပြေဖြစ်လာ တယ်။ ဒီလိုပဲ ကျွန်မယောကျ်ား ဆိုက်ကား နင်းတော့ သူလည်း အဆင်မပြေဖြစ်လာ တယ်။ ဘယ်လိုစားသောက်ရမှန်းတောင် မသိတော့ဘူး။ ရောဂါပိုးကြောင့် လူသွားလူ လာနည်းသွားတော့ ရောင်းချရတာ အဆင် မပြေတော့ဘူး” ဟု ဈေးသည် ဒေါ်ခင်သန်း က ပြောကြားသည်။
ထို့ပြင် ပိုးတွေ့လူနာသုံးဦးအထိ ရှိလာ သော မြောက်ဦးမြို့တွင်လည်း လူနာအမှတ် ၄၄၀ နေထိုင်ခဲ့သည့် အောင်တပ်ရပ်ကွက် နှင့် လူနာအမှတ် ၄၄၁ နေထိုင်ခဲ့သော ကံလှ ရပ်ကွက်တို့ကို တစ်ရပ်ကွက်လုံး lockdown ချထားကြောင်းနှင့် Quarantine ဝင်ထားရသူ ၆၀ ခန့်ရှိနေကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးမြို့မှ ကိုခိုင်မင်းသျှင်က “ပိုးတွေ့တဲ့သူတွေနေတဲ့ ရပ်ကွက်တွေကိုတော့ Lockdown လုပ်ထားတယ်။ တခြားရပ်ကွက်ကလူတွေကို အဝင် အထွက်ပိတ်ထားတယ်။ နောက်ပြီး Quarantine ဝင်ထားတဲ့လူတွေလည်း ၆၀ လောက် ရှိမယ်ထင်တယ်။ အခုပိုးတွေ့တဲ့သူတွေက ဒေသခံတွေမဟုတ်ဘဲ လာရောက် အလုပ် လုပ်နေကြသူတွေလို့သိရတယ်။ နောက် တစ်ခုက နှာခေါင်းစည်း တစ်ထုပ် (၅၀ ခုပါ) ကို တစ်သောင်းခွဲလောက်တောင် ဈေးမြင့် သွားတာတွေ့ရတယ်။ လွယ်လင့်တကူ ဝယ် မရတဲ့ အနေအထားမှာလည်းရှိတဲ့အတွက် စိုးရိမ်စရာရှိပါတယ်” ဟု ပြောကြားသည်။
စစ်တွေမြို့၏ လက်ရှိအနေအထား သည် နံနက်ပိုင်းတွင် မြို့တွင်း၌သွားလာလှုပ် ရှားသူ အတိုင်းအတာတစ်ခုအထိရှိသော်လည်း နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် အသွားအလာနည်းပါးနေသည်ကို တွေ့ရှိရ ကြောင်း သိရသည်။
Ref ; Eleven

0 comments:

Post a Comment