Thursday, August 13, 2020

၂၁ရာစု ပင်လုံညီလာခံသို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)အနေဖြင့် တက်ရောက်နိုင်ခြင်းမရှိကြောင်း အကြောင်းပြန်ထား

NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် မကြာမီကျင်းပမည့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ တက်ရောက်နိုင်ခြင်း မရှိဟု အကြောင်းပြန်ကြားလာကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြား သည်။
"တရားဝင် အကြောင်းပြန်တာ။ စာနဲ့ အကြောင်းပြန်လာတာကတော့ KNPP သူတို့မှာလည်း ကျန်တဲ့အခက်အခဲတွေ၊နောက် COVID-19 ကာလ ကျန်တဲ့လျာထားချက်တွေ ရှိတယ်ပေါ့။ အဲဒါကြောင့် KNPP အနေနဲ့ ဒီအစည်းအဝေးကို တက်ရောက်နိုင်ခြင်း မရှိကြောင်းဆိုတဲ့ ပြန် ကြားလာတာရှိတယ်။ ဒါကတော့ တရားဝင် ပြန် ကြားလာတာပေါ့"ဟု ၎င်းကပြောဆိုသည်။
နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် ဩဂုတ် ၁၂ ရက်က ပြုလုပ်ခဲ့သည့် JICM အကြို ညှိနှိုင်းအစည်းအဝေးအပြီး သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ၎င်းက ယင်း ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဩဂုတ် ၁၉ ရက်မှစတင်ကာ သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။ ၂၁ရာစု ပင်လုံအစည်းအဝေးသို့ AA အဖွဲ့မှအပ အပစ်ရပ်လက်မှတ် မထိုးရသေးသည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့ ကို ဖိတ်ကြားထားသည်။
KNPP အဖွဲ့အနေဖြင့် ပင်လုံ အစည်းအဝေး တက်ရောက်နိုင်ခြင်း မရှိကြောင်း အကြောင်း ပြန်လာခဲ့ပြီး ကျန်အဖွဲ့များအနေဖြင့် အကြောင်းပြန်ကြား လာခြင်း မရှိသေးကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။
"ကျန်တဲ့ အဖွဲ့တွေကတော့ ကျွန် တော်တို့ကို တရားဝင် အကြောင်းပြန် ကြားလာတာတော့ မရှိသေးဘူး။ ကျွန် တော်တို့ သတင်းကြားတာကတော့ ပန်ဆန်းမှာ အစည်းအဝေးလုပ်နေတယ်လို့ သိရတယ်။ သို့သော် တရားဝင်တော့ ကျွန်တော်တို့ကို ဘာမှမပြောသေးဘူး။ အခုအချိန်အထိတော့ တရားဝင် အကြောင်းပြန်ကြားတာ မရသေးဘူး"ဟု ၎င်းကပြောဆိုသည်။
ပင်လုံအစည်းအဝေးသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ထိပ်သီး ခေါင်းဆောင်နှစ်ဦးစီကို ဖိတ်ကြားမည် ဖြစ်ပြီး အပစ်ရပ်လက်မှတ် မထိုးရသေး သည့် အဖွဲ့များကိုလည်း ထိုနည်းတူဖိတ် ကြားမည်ဖြစ်ကြောင်း၊ ကိုယ်စားတက် ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ဦးဇော် ဌေးက ပြောဆိုသည်။
ထို့ပြင် ပင်လုံအစည်းအဝေးသို့ နိုင်ငံရေးပါတီ ၂၁ ခုမှ ပါတီ ခေါင်းဆောင်နှစ်ဦးစီကို ဖိတ်ကြားသွား မည်ဖြစ်ပြီး CSO ဖိုရမ်မှ အဖွဲ့များကို လည်း ငါးဦးဖိတ်ကြားမည်ဖြစ်ကြောင်း ၎င်းက ဩဂုတ်လဆန်းပိုင်းတွင် မီဒီယာ များသို့ ပြောကြားထားခြင်းဖြစ်သည်။
(၂၁) ရာစုပင်လုံ ညီလာခံအစည်းအဝေးကို ဩဂုတ် ၁၉ရက်မှ စတင်ကာ သုံးရက်တာ ကျင်းပသွားမည်ဖြစ်ကာ ညီလာခံပထမနေ့တွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည်ဖြစ်ပြီး ဖွင့်ပွဲတွင် သက်ဆိုင်ရာ ခေါင်းဆောင်များက မူဝါဒဆိုင်ရာမိန့်ခွန်း များပြောကြားမည်ဖြစ်ပြီး၊ ယင်းနေ့မွန်းလွဲ ပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအစည်းအဝေး ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ညီလာခံဒုတိယနေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်း အဝေးကျင်းပမည်ဖြစ်ပြီး၊ ညီလာခံ တတိယနေ့တွင် လက်မှတ်ရေးထိုးခြင်း အခမ်းအနားပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Crd : JICMအစည်းအဝေး

0 comments:

Post a Comment