Thursday, August 13, 2020

KIA ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲကျင်းပခွင့် ပြုမည်မဟုတ်ကြောင်း သိရ

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ထိန်းချုပ်နယ်မြေများတွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး အပါအဝင် ရွေးကောက်ပွဲ ကျင်းပခြင်းကို ခွင့်ပြုမှာ မဟုတ်ကြောင်း KIA အဖွဲ့မှ ပြောရေးဆိုခွင်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ၏ပြောကြားချက်အရ သိရသည်။
ဗိုလ်မှူးကြီးနော်ဘူက `ခါတိုင်းကတော့ KIO ထိန်းချုပ်နယ်မြေမှာ မဲဆွယ်တာတွေ။ ရွေးကောက်ပွဲ ကျင်းပတာတွေ ခွင့်ပြုလေ့မရှိပါဘူး။ ဘယ်တော့မှ ကျွန်တော်တို့ မလုပ်ဖူးပါဘူး။ ဒါမျိုးတော့။ အခု လောလောဆယ်ကတော့။ အခုထက်ထိကတော့ အဲလိုပဲ ဖြစ်မှာပါ။ မနက်ဖြန် သဘက်ခါ ဘယ်လို Policy အပြောင်းအလဲ ရှိလာမှာ ဆိုတာကတာ့ ကျွန်တော်လည်း ပြောလို့မရဘူး။ အခုထက်ထိကတော့ ခွင့်မပြုဘူး` ဟု ဆိုသည်။
KIA အနေဖြင့် ရွေးကောက်ပွဲကို အသိအမှတ် မပြုခြင်းတော့မဟုတ် သို့သော် ၎င်းတို့နှင့် ရွေးကောက်ပွဲ ဆက်စပ်မှုမရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။
`ကျွန်တော်တို့က အစိုးရကို လက်နက်ကိုင်ပြီးမှ တော်လှန်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဆိုတော့ အစိုးရလုပ်နေတဲ့ ရွေးကောက်ပွဲထဲမှာ ကျွန်တော်တို့ကတော့ ပါဝင်စရာလည်း အကြောင်းမရှိဘူး ဖြစ်နေတာ။ အဲဒါကြောင့် ဆက်စပ်မှု မရှိဘူးဆိုတာတော့ ကျွန်တော်တို့ ပြောတာပါ` ဟု ၎င်းကဆိုသည်။
ထို့အပြင် KIA အနေဖြင့် ရွေးကောက်ပွဲကို နှောင့်ယှက်မည် မဟုတ်ကြောင်း၊ အစိုးရထိန်းချုပ် နယ်မြေများတွင် ရွေးကောက်ပွဲကို လွတ်လပ်စွာ လုပ်ခွင့်ရှိပြီး ၎င်းတို့အနေဖြင့် အနှာင့်အယှက် ပေးမည် မဟုတ်ကြောင်းကို ဗိုလ်မှူးကြီးနော်ဘူက ထပ်လောင်းပြောကြားသည်။
KIA နည်းတူ NCA တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသော ‘၀” အဖွဲ့ (UWSA) ကလည်း ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသည့် ပန်ဝိုင်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဆန်းမြို့နယ်နှင့် နားဖန်းမြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပခွင့်မပြုကြောင်းကို ပြောကြားထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

0 comments:

Post a Comment