Monday, August 10, 2020

ဟောင်ကောင်ဒီမိုကရေစီဘက်တော်သားတစ်ဦးဖြစ်သော စီးပွားရေးလုပ်ငန်းရှင် Jimmy Lai ဖမ်းဆီးထိန်းသိမ်းခံရ

ဟောင်ကောင် မီဒီယာစီးပွားရေးလုပ်ငန်းရှင် Jimmy Lai ဟာ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းလိမ်လည်မှုရှိတယ်လို့ဆိုကာ အခုလ(၁၀)ရက် မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရပြီး၊ သူ့ရဲ့ သတင်းစာတိုက်ကိုလည်း ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေမှုတွေပြုလုပ်ခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဟောင်ကောင်အတွက် တရုတ်အစိုးရက ပြဌာန်းပေးခဲ့တဲ့ အငြင်းပွားဖွယ် လုံခြုံရေးဥပဒေ အောက်မှာ အထင်ကရအရှိဆုံးလူတစ်ယောက် ဖမ်းဆီးခံခဲ့ရတာပါ။
Mr.Lai ဟာ ဒီမိုကရေစီဘက်တော်သားတစ်ဦးဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်အတွင်းက ဟောင်ကောင်မှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကို ထောက်ခံခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
တရုတ်အစိုးရသတင်းစာ Global Times မှာတော့ Mr.Lai ကို ဆူပူအုံကြွမှု ထောက်ခံသူတစ်ဦးအဖြစ် သုံးနှုန်းထားခဲ့ပြီး၊ သူဟာ အမုန်းတရားတွေနဲ့ ကောလာဟလတွေကို ဖြန့်ဝေကာ၊ ဟောင်ကောင်အာဏာပိုင်တွေနဲ့ တရုတ်ပြည်မကြီးကို သိက္ခာကြအောင် နှစ်ပေါင်းများစွာ ပြုလုပ်နေခဲ့သူဖြစ်တယ်လို့ ဝေဖန်ထားခဲ့ပါတယ်။
ဟောင်ကောင်ရဲတပ်ဖွဲ့ဝင်တွေဟာ Mr.Lai ရဲ့ Apple Daily သတင်းစာတိုက်ကို ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး၊အမျိုးသားလုံခြုံရေး ဥပဒေကိုချိုးဖောက်တယ်လို့ သံသယရှိသူ ခုနှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း ထုတ်ဖော်ပြောကြားပါတယ်။

0 comments:

Post a Comment