Thursday, August 13, 2020

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်သည့်“(၉)ကြိမ်မြောက် JICM အစည်းအဝေး“တွင် ဒီမိုကရေစီကို အကျႌဝယ်ဝတ်သကဲ့သို့ ပုံတူ ကူးမချရန် ဒုတပ်ချုပ် ပြောကြား

ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့က ကျင်းပသော ၂၁ ရာစုပင်လုံညီလာခံအကြို “(၉)ကြိမ်မြောက် JICM အစည်းအဝေး“တွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာတွင် မိမိနိုင်ငံနှင့်ကိုက်ညီသော စနစ်ကို အကောင်အထည်ဖော်ရန်နှင့် အင်္ကျီဝယ်သကဲ့သို့ ပုံတူကူးမချရန် သတိပေးပြောဆိုလိုက်သည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက "ကျနော်တို့ အပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေး ရလဒ်များနှင့်အညီ တည်ဆောက်ရာမှာလည်း မိမိနိုင်ငံရဲ့ ရေမြေသဘာ၀ ဓလေ့ ထုံးတမ်း စရိုက်လက္ခဏာတွေပေါ်မူတည်ပြီး မိမိနိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပုံစံကိုသာ ချမှတ်သွားရမှာဖြစ်ပြီးတော့မှ မိမိနိုင်ငံ မိမိလူမျိုးတို့ရဲ့ စရိုက် လက္ခဏာနဲ့ မကိုက်ညီသော အများသူငှာ တိုက်တွန်းတဲ့ အချက်တွေ ပုံတူ ကူးချတဲ့ နည်းလမ်းတွေ အဓမ္မ သွပ်သွင်းတဲ့ပုံစံတွေအပေါ် သတိမမူ ဂူမမြင်ဘဲ ဆွေးနွေးချက်များ ရလဒ်များ မလိုအပ်ဘဲ အချိန်ကုန် လူပန်း ခရီးမတွင်မဖြစ်ရအောင်လည်း ယခု တက်ရောက်လာကြတဲ့ တာဝန်ရှိသူများအားလုံးနဲ့ မိမိတို့ အလုပ်အဖွဲ့ဝင်များ လက်အောက်မှာရှိကြတဲ့ ရဲဘော်ရဲဘက်များကို သတိပေးနေဖို့ လိုအပ်ကြောင်းလည်း ပြောကြားလိုပါတယ်။ ဥပမာအားဖြင့် အင်္ကျီတောင်မှ ကိုယ်တိုင်းနဲ့ မချုပ်ဘဲ အသင့်ချုပ်ပြီးသား ဝယ်ဝတ်ရင် တစ်ယောက်နဲ့ တစ်ယောက် ဆိုက်ချင်း မတူသလို ဆိုက်တူရင်တောင်မှ ပခုံးအကျဉ်း အကျယ် လက်အတိုအရှည် ကွာခြားသလိုမျိုးဖြစ်တတ်တဲ့အတွက် ကိုယ့်ရေ ကိုယ့်မြေ ကိုယ့်ရဲ့ သဘာ၀ ကိုယ်ရဲ့ ဓလေ့ ထုံးတမ်းစဉ်လာ ကိုယ်ရဲ့ စရိုက် လက္ခဏာ ယဉ်ကျေးမှု မှာပဲ အခြေခံပြီးတော့မှ တို့တာဝန် အရေး ၃ ပါး ဦးတည်ချက်လည်း မပျောက်ပျက်စေဘဲ ဆက်လက် ဆွေးနွေးကြမှာဖြစ်ပြီး ရလဒ်ကောင်းများ ယခုထက်ပိုမို ရရှိပါစေကြောင်းလည်း ဆန္ဒပြုအပ်ပါတယ်" ဟု ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုသည်။
သြဂုတ်လအတွင်းကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ စတုတ္တအကြိမ်မြောက် အစည်းအဝေးသို့ ရခိုင်တပ်မတော် AA မှလွဲ၍ အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော အဖွဲ့များအားလုံးကို ဖိတ်ကြား သော်လည်း AA ကို မဖိတ်ကြားသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ အစည်းအဝေး တက်၊ မတက် မသေချာသေးကြောင်း သိရှိရသည်။
Photo Credit - NRPC

0 comments:

Post a Comment