Friday, August 14, 2020

(၉)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အကောင် အထည်ဖော်မှုဆိုင် ရာညှိနှိုင်းအစည်းအဝေး (JICM)တွင် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြားသော အမှာစကား

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး မျှော်လင့်တောင့်တနေကြသည့် ထာဝရငြိမ်းချမ်းရေးမှသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်ကြရေး ဦးတည်ဆောင်ရွက်လျက်ရှိရာ အဓိကအခန်းကဏ္ဍတစ်ခုဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသည် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်သကဲ့သို့ အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရန် JICM အလုပ်အဖွဲ့ဝင်များ၏ အားကြိုးမာန်တက် အကြိတ်အနယ် ဆွေးနွေးမှုရလဒ်သည် များစွာအထောက်အကူပေးသည့်အတွက် JICM အလုပ်အဖွဲ့ဝင်များကို ကျေးဇူးတင်ရှိပါကြောင်း။
ယနေ့ကျင်းပသည့် (၉)ကြိမ်မြောက် JICMအစည်းအဝေးသည် ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် JICMအစည်းအဝေး၌ ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက် (၈)ချက်ကို ဆက်လက်အ ကောင်အထည်ဖော်ဆောင်ခြင်း၏ ရလဒ်ဖြစ်ပါကြောင်း၊ ကြားကာလများတွင် ကြန့်ကြာသွားသည်မှာမမျှော် လင့်ဘဲ ကမ္ဘာလုံးဆိုင်ရာကပ် ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ကြောင့် ဆွေးနွေးပွဲများရပ်ဆိုင်းထားခဲ့ရသော် လည်း ရနိုင်သည့် နည်းလမ်းများဖြင့် Video Conferencing အပါအဝင် အလုပ်အဖွဲ့ဝင်များ၏ ညှိနှိုင်းဆွေး နွေးမှုများအရ (၉)ကြိမ်မြောက် JICM အစည်းအဝေးကို ကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း။
ယခုအစည်းအဝေးသည် အလုပ်အဖွဲ့များ၏ ကြိုတင်ညှိနှိုင်းသဘောတူညီချက်များအပေါ် အတည်ပြုကြရမည်ဖြစ်ပါကြောင်း၊ အလုပ်အဖွဲ့များ၏ ကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ်ပြုပါသော်လည်း ဆွေးနွေးချက်များအပေါ်သုံးသပ်ရလျှင် ကြိုတင်ညှိနှိုင်းသဘောတူညီချက်များ ယခုထက်ပို၍ရသင့်ပါကြောင်း၊ ယခု (၉) ကြိမ်မြောက် JICM ညှိနှိုင်းအစည်းအဝေးအတွက် အလုပ်အဖွဲ့များညှိနှိုင်းဆွေးနွေးမှု (၄)ကြိမ် ဆောင်ရွက်ရာတွင် အချို့အချက်များသည် NCA တွင် အတိအကျဖော်ပြပါရှိပြီးဖြစ်သော်လည်း စာသားအဓိပ္ပါယ်အယူအဆ အနက်ကောက်မှု လွဲချော်သွားခြင်းဖြင့် ဆွေးနွေးရမည့်အချက်အသစ်အား မဆွေးနွေးနိုင်ဘဲ အယူအ ဆလွဲမှားနေသည့် သက်ဆိုင်ရာ NCA ပါအချက်ကို ထပ်မံရှင်းလင်းဆွေးနွေးရခြင်း၊ NCA ကိုအခြေခံသည့် ညှိနှိုင်းအစည်းအဝေးများ၌ Bilateral/ Parallel ကဲ့သို့ မူလသဘောတူညီချက်ကိုပင် ထပ်မံ၍ ပြင်ဆင်လိုမှုကြောင့် အပြန်အလှန်ထပ်မံဆွေးနွေးရခြင်း၊ Federal Security System ကဲ့သို့ NCA တွင်မပါရှိဘဲ လုံခြုံရေးနှင့်မပတ်သက်သည့် စာသားများ ထည့် သွင်းဆွေးနွေးခြင်း စသည့် အချို့အချက်များအရ ရှေ့ဆက်လက်ဆွေးနွေးရမည့်အချက်များကို အရှိန်အဟုန်ဖြင့် ဆွေးနွေးရမည့်အစား နောက်ကြောင်းပြန်ရှင်းလင်းခြင်း၊ ထပ်မံဆွေးနွေးရခြင်းဖြင့် မလိုလားအပ်သော အဖိုးတန်အချိန်များ ကုန်ဆုံးသကဲ့သို့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ မျှော်လင့်စောင့်စားနေသည့် ပန်းတိုင်ရောက်ရန် ကြန့်ကြာနေ သည့်အတွက် အရပ်အဖွဲ့များ ရှေ့ဆက်လက်ပြီးဆွေးနွေးရန် ကျန်ရှိသည့်အချက်များကို အရှိန်အဟုန်ဖြင့် ဆွေးနွေးရာတွင် သတိပြုရန် တိုက်တွန်းလိုပါကြောင်း။
မိမိတို့အပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေကြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီတည်ဆောက်ရာတွင် မိမိနိုင်ငံ၏ ရေ၊ မြေ၊ သဘာဝ၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု၊ စရိုက်၊ လက္ခဏာများအပေါ်မူတည်ပြီး မိမိနိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပုံစံကိုသာ ချမှတ်ရမည်ဖြစ်ပြီး မိမိနိုင်ငံနှင့် လူမျိုးတို့၏ စရိုက်၊ လ က္ခဏာနှင့် မကိုက်ညီသော အများသူငှာ တိုက်တွန်းသည် ပုံတူကူးချနည်း၊ အဓမ္မသွတ်သွင်းသည့်ပုံစံများအပေါ် သတိမမူဂူမမြင်ဘဲ ဆွေးနွေးချက်များနှင့် ရလဒ်များကို အချိန်ကုန်လူပန်း ခရီးမတွင် မဖြစ်ရစေရန် ယခုတက်ရောက်လာကြသည့် တာဝန်ရှိသူများအားလုံးနှင့် မိမိတို့အလုပ်အဖွဲ့ဝင်များ၊ လက်အောက်ရဲဘော် ရဲဘက်များကို သတိပေးနေရန် လိုအပ်ပါကြောင်း၊ ဥပမာအားဖြင့် အင်္ကျီတောင်မှ ကိုယ်တိုင်းနှင့်မချုပ်ဘဲ အသင့်ချုပ်ပြီးသား ဝယ်ဝတ်လျှင် တစ်ယောက်နှင့်တစ်ယောက် ဆိုဒ်ချင်းမတူသလို ၊ဆိုဒ်တူလျှင်တောင်မှ ပခုံးအကျဉ်းအကျယ်၊ လက်အတိုအရှည် ကွာခြားသလိုမျိုး ဖြစ်သည့်အတွက် မိမိရေ၊ မြေ၊ သဘာဝ၊ ဓလေ့ထုံးတမ်း၊ စရိုက်၊ လက္ခဏာများနှင့် ယဉ်ကျေးမှုအပေါ်တွင်အခြေခံ၍ “ဒို့တာဝန်အရေးသုံးပါး” ဦးတည်ချက် မပျောက်ပျက်စေဘဲ ဆက်လက်ဆွေးနွေးကြပြီး ရလဒ်ကောင်းများ ယခုထက် ပိုမိုရရှိပါစေဟု ဆန္ဒပြုအပ်ပါကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် လွတ်လပ်ရေးနှင့် အတူပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခကြောင့် အဖွဲ့အစည်း အချင်းချင်း ယုံကြည်မှုတည်ဆောက်သည့်နေရာတွင် မယုံကြည်မှုများအတတ်နိုင်ဆုံး ဖြေလျှော့ ကြရမည် ဖြစ်ရာ အဖွဲ့အစည်းအချင်းချင်း တစ်ဖက်နှင့်တစ်ဖက် သံသယဖြစ်စရာ၊ မသင်္ကာဖွယ် ဖြစ်စရာများကို လုံးဝဆောင်ရွက်ခြင်းမပြုလျှင် အကောင်းဆုံးဖြစ်ပါကြောင်း၊ ပုံသေနည်းအရ သံသယနည်းလျှင် ယုံကြည်မှုတိုးမည်ဖြစ်၍ အလုပ်အဖွဲ့များ ရှေ့ဆက်လက်ဆွေးနွေးရာတွင် လည်းကောင်း၊ အဖွဲ့အစည်းအချင်းချင်း ဆက်ဆံရာတွင်လည်းကောင်း သံသယဖြစ်စေမည့် ကိစ္စရပ်များကို အတတ်နိုင်ဆုံးရှောင်ရှားပေးကြရန် ပြောကြားလိုပါကြောင်း။
မိမိတို့သွားနေသည့် ဦးတည်ချက်သည် ပါတီစုံဒီမိုကရေစီစနစ် ထာဝရငြိမ်းချမ်းရေးမှသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရမည်ဖြစ်သည့်အတွက် ဒီမိုကရေစီခေတ်တွင် လူတိုင်းသည် မိမိဆန္ဒကို ငြိမ်းချမ်းစွာ ဥပဒေနှင့်အညီ ဖော်ထုတ်နိုင်ခွင့်ရှိသကဲ့သို့ မည်သည့်အဖွဲ့အစည်းမဆို မိမိတို့၏ သဘောဆန္ဒကိုလည်း ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဖော်ထုတ်တင်ပြခွင့်ရှိကြပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခြေခံဥပဒေပုဒ်မ ၃၅၄ မှာ အတိအလင်း ဖော်ပြထားပြီးဖြစ်သည့် အတွက် ရှေးဆက်လက်ဆောင်ရွက်ရမည့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင် အထည်ဖော်မှုများအပါအဝင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် များကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ ဆက်လက်ဆွေးနွေးရာတွင် မိမိအဖွဲ့အစည်းအလိုက် လိုလားသည့်၊ ဖြစ်သင့်သည့် ဆန္ဒများကို ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်အောင်မြင်စွာ ဆွေးနွေးနိုင်ပါစေဟု ဆန္ဒပြုအပ် ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ယနေ့ကျင်းပသည့် (၉)ကြိမ်မြောက် JICM ညှိနှိုင်းအစည်းအဝေးသည် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံစတုတ္ထအစည်းအဝေး၌ ရလဒ်ကောင်းများဖြင့် ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် ထည့်သွင်းဖော်ပြရန်အချက်များကို အတည်ပြုပေးသည့် အစည်းအဝေးဖြစ်၍ မင်္ဂလာရှိပါကြောင်း၊ ၂၀၂၀ အလွန် ဆက်လက် ဆွေးနွေးဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များအကောင်အထည်ဖော်မှုဆိုင်ရာများနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ ဆွေးနွေးရာတွင် လည်းတစ်ဖက်နှင့် တစ်ဖက် အတိုးအလျှော့၊ အဆုတ်အတက်တို့ကို စိတ်ရှည် သည်းခံစွာဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးဓလေ့၊ စရိုက်၊ လက္ခဏာ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာနှင့် ကိုက်ညီသည့် အချက်အပေါ်တွင် အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဆွေးနွေးကြရန် တိုက်တွန်းအပ်ပါကြောင်း၊ ပြည်တွင်းအင်အားသည် ပြည်တွင်းမှာသာရှိပါကြောင်း၊ နွားကွဲလျှင် ကျားဆွဲတတ်ပါကြောင်း၊ စည်းလုံးညီညာအောင်ကြောင်းဖြာဖြစ်ပါကြောင်း၊ အရေးကြုံပါက ကိုယ့်တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်းသာ အေးအတူပူအမျှ ပြဿနာအရပ်ရပ်ကို စည်းလုံးညီညွတ်စွာဖြေရှင်းရမှာ ဖြစ်ပါကြောင်း၊ ကိုယ့်အားကိုယ်ကိုးမှသာရပါကြောင်း၊ ယနေ့သည် IT ခေတ်၊ Globalization ခေတ်ဖြစ်၍ တစ်နိုင်ငံတည်း တံခါးပိတ်ရပ်တည်၍ မရတော့ပါကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရာတွင်လည်း ကိုယ်ကျိုးစီးပွားမူဝါဒ National Interest အပေါ်မူတည်ပြီး မည်သူမျှ မိမိကိုယ်ကိုယ်၊ မိမိလူမျိုး၊ မိမိတိုင်းပြည်ထက်ပိုပြီး၊ ကျော်ပြီး အခြားသူများ၊ အခြားလူမျိုး၊ အခြားနိုင်ငံအပေါ် မကောင်းနိုင်တာကို သတိပြုရမည်ဖြစ်ကြောင်း၊ မည်သူမှလည်းပဲ မိမိထက်ပိုပြီး စေတနာ၊ မေတ္တာ မျှဝေမပေးနိုင်ပါကြောင်းကို သတိမူကြပြီး မိမိတို့နိုင်ငံအမြန်ဆုံး ထာဝရငြိမ်းချမ်းရေးမှသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်နိုင်ပါစေကြောင်း၊ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် ကိုယ်ရောစိတ်ပါနှစ်လျက် အားသွန်ခွန်စိုက် စိတ်တူကိုယ်တူ သံသယကင်းရှင်းစွာဖြင့် ဆက်လက်ဆောင်ရွက်သွားရန် စိတ်အားထက်သန်လျက်ရှိပါကြောင်း ပြောကြားသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment