Friday, August 14, 2020

အစိုးရ၊တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များပါဝင်တက်ရောက်ခဲ့သော JICM အစည်းအဝေးတွင် "ပြည်ထောင်စုမှ ခွဲမထွက်ရ" စကားလုံးအသုံးအနှုန်း ပြေလည်မှုရရှိ

အစိုးရ၊တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များပါဝင်တက်ရောက်ခဲ့သော JICM အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရ၊ တပ်မတော်တို့အကြား ပြည်ထောင်စုမှ ခွဲမထွက်ရဆိုသည့် စကားလုံးအသုံးအနှုန်းနှင့် ပတ်သက်၍ ပြေလည်မှု ရရှိပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
သြဂုတ်လ ၁၃ ရက်နေ့က ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်း JICM အစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
ယခင်က အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အဆိုပါ ခွဲမထွက်ရဆိုသည့် စကားရပ်နှင့် ပတ်သက်၍ အငြင်းပွားမှုများရှိခဲ့ခြင်းဖြစ်ပြီး ယင်းစကားလုံးအပေါ် တစ်စုတစ်စည်းတည်း ပူးပေါင်းဖော်ဆောင်ရန် တာဝန်ရှိသည်ဟူသည့် စကားရပ်ကို အစားထိုးလိုက်ကာ နှစ်ဖက်ပြေလည်မှုရရှိခဲ့ကြောင်း ဦးဇော်ဌေးကရှင်းပြသည်။
ထို့ပြင် လာမည့် ရက်ပိုင်းအတွင်း ကျင်းပပြုလုပ်တော့မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံတွင် ပြည်ထောင်စုသဘောတူစာချုပ် လက်မှတ်ရေးထိုးရန် သဘောတူညီချက်ရရှိခဲ့ပြီဖြစ်ကြောင်း ဆက်လက်ဆွေးနွေးရန် အချက်တချို့ရှိနေသေးသော်လည်း ဆက်လက်ဆွေးနွေးရန် လမ်းပွင့်သွားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ညှိတဲ့အထဲမှာ ခွဲမထွက်ရဆိုတာ မပါတော့ဘူး။ အခေါ်ဝေါ်အသုံးအနှုန်းကိစ္စဖြစ်တယ်။ ဒီလိုမျိုး တစ်စည်းတစ်လုံးတည်းနေဖို့ တာဝန်ရှိတယ်ဆိုပြီးစဉ်းစားတာ။ ခွဲမထွက်ရဆိုတဲ့ စာသားမဟုတ်တော့ဘူး။ နောက်တစ်ချက်က ကျွန်တော်တို့ကြားမှာ အဲဒီလိုမပြောဘဲ စုပေါင်းဖော်ဆောင်ရန် တာဝန်ရှိသည်ဆိုတဲ့စာသားနဲ့ အစားထိုးလိုက်တော့ အဆင်ပြေသွားတယ်” ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံကို လာမည့် သြဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။

0 comments:

Post a Comment