Sunday, August 16, 2020

"COVIDထောက်ပံ့ငွေ နှစ်သောင်း အကြောင်းပြု၍ NLD ပါတီကိုမဲဆွယ်၊မဲပေးရန် ပြောဆိုခဲ့သည့် တာလောကြီးကျေးရွာအုပ်ချုပ်ရေးမှူးအား အမှုဖွင့်အရေးယူ"

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးတွင် နိုင်ငံတော်အစိုးရမှ COVID-19 ထောက်ပံ့ငွေပေးအပ်ခြင်းကို အကြောင်းပြု၍ ကျေးရွာသူ/ကျေးရွာသားများအား NLDပါတီကို မဲထည့်ရန် လှုံ့ဆော်စည်းရုံးသော တာလောကြီးကျေးရွာ အုပ်ချုပ်ရေးမှူးအား အမှုဖွင့်အရေးယူထားကြောင်း မြစ်ကြီးနား နယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၅ရက်က မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းထူး မှ တာလောကြီးကျေးရွာတွင် ပြုလုပ်သော COVID-19 ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား၌ “ဆီတွေ၊ ဆားတွေ မပေးခဲ့ဘူးလား၊ ပေးခဲ့တယ်၊ အဲ့ဒါပေးပြီးတဲ့အပြင် အခုလည်းပိုက်ဆံ (၂၀,၀၀၀) ထပ်ပေးဦးမယ်၊ ရွာနှင့် ပတ်သက်၍ လျှပ်စစ်မီးရအောင် လည်း ဆောင်ရွက်ပေးခဲ့တယ်၊ ဒါကြောင့်မို့ ဝန်ကြီးနှင့် ပါတီဟာ ကျွန်တော်တို့ အပေါ်မှာ ဘာရှိနေသလဲ၊ ကျေးဇူးရှိနေတယ်၊ ဟုတ်တယ်မို့လား၊ ကျွန်တော်တို့ ရှိတဲ့ ကျေးဇူးကို ကျွန်တော်တို့ နိုဝင်ဘာ(၈)ရက်နေ့မှာ မဲထည့်တဲ့အခါ ကျေးဇူးဆပ်ရ အောင်၊ ပေါက်တယ်နော် ကျွန်တော်ပြောတာ၊ ကျွန်တော်တို့ ကျေးဇူးဆပ်နိုင်အောင် တစ်ရွာလုံး ဝိုင်းဝန်းကြိုးစားကြပါ၊ အားလုံးကိုလည်း စည်းစည်းလုံးလုံးနဲ့ ဖြစ်အောင် ကြိုးစားကြပါလို့ ကျွန်တော့်အနေနဲ့ ဒါလေးပဲမှာပါတယ်၊ ကျေးဇူးတင်ပါတယ်” စသည်ဖြင့် ပြောဆိုခဲ့မှုအပေါ် နိုင်ငံတော်အစိုးရမှ COVID-19 ထောက်ပံ့ငွေပေးအပ်ခြင်းကို အကြောင်း ပြု၍ ကျေးရွာသူ/ကျေးရွာသားများအား ပါတီတစ်ခုကို မဲထည့်ရန် လုံ့ဆော်စည်းရုံးခြင်း ဖြစ်ကြောင်း၊ ပါတီတစ်ခုကို မဲထည့်ရန် အုပ်ချုပ်ရေးမှူး အရှိန်အဝါကို အသုံးပြု၍ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဦးအောင်ဆန်းထူးသည် အဆိုပါ စကားများကို NLD ပါတီ ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းစိန်လင်း တို့ ရှေ့မှောက်၌ ကျေးရွာသူ၊ ကျေးရွာသားများကို ပြောဆိုခဲ့ခြင်း ဖြစ်ပြီး ယင်း ရုပ်သံဖိုင်သည်လည်း လူမှုကွန်ရက်ပေါ်တွင် သြဂုတ် လ ၅ ရက်နေ့ က ပျံ့နှံ့ခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရမှ COVID-19 ထောက်ပံ့ငွေပေးအပ်ခြင်းကိုအကြောင်းပြု၍ ကျေးရွာသူ/ကျေးရွာသားများအား ပါတီတစ်ခုကို မဲထည့်ရန် လုံ့ဆော်စည်းရုံးခဲ့သူအား ပြည်သူ့လွှတ်တော်ရွေးကောက် ပွဲဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော်(သို့) ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေတို့ပါ ပြဌာန်းချက်များအရ အောင်ဆန်းထူး၊ (၅၇)နှစ်၊ (ဘ)ဦးသောင်းဆွေ၊ တာလောကြီးကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက် (၂)၊ တာလောကြီး ကျေးရွာ၊ မြစ်ကြီးနားမြို့နယ်နေသူ (မမိ) အား မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းတွင် (ပ)၁၈၈/၂၀၂၀၊ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈(က) ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Ref : People

0 comments:

Post a Comment