Wednesday, August 26, 2020

မျိုးဗီဇပြောင်းCOVID-19ရောဂါပိုးဟာ ကူးစက်နှုန်းမြန်၍သတိပြုကာကွယ်ရန်လို



မျိုးဗီဇပြောင်းလာတဲ့COVID-19ရောဂါပိုး(G614)ဟာ သုတေသနအထောက်အထားတွေအရ ကူးစက်နှုန်းမြန်တဲ့အတွက် ပြည်သူတွေသတိပြုကာကွယ်ဖို့လိုတယ်လို့ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းကပြောပါတယ်။
မြန်မာနိုင်ငံမှာ မေလပထမအပတ်နောက်ပိုင်းမှာ မျိုးဗီဇပြောင်းလဲလာတဲ့ COVID-19ရောဂါပိုး(G614)အမျိုးအစားကိုတွေ့ရှိခဲ့ရတာဖြစ်တယ်လို့လည်းပါမောက္ခဒေါက်တာဇော်သန်းထွန်းကအခုလိုပြောပါတယ်။
‘‘ဆရာတို့ဆီမှာ မေလပထမအပတ်နောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ (G614)ဟာပိုပြီးတော့ကူးစက်နှုန်းမြန်တယ်ဆိုတဲ့ဟာတော့ တွေ့ရှိထားပေမယ့်ရောဂါပိုးကနေခန္ဓာကိုယ်ကို တိုက်ခိုက်နိုင်တဲ့စွမ်းအားကျတော့ အရင်ပုံစံဟောင်းလိုပဲ အတူတူပဲဆိုတာကိုတော့ ပညာရှင်တွေကတွေ့ရှိထားပါတယ်”လို့ ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းကပြောပါတယ်။
ကူးစက်နှုန်းမြန်တဲ့COVID-19ရောဂါပိုး(G614)နဲ့ပတ်သက်လို့ ဆေးသုတေသနဦးစီးဌာနအနေနဲ့ သုတေသနတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီ့အပြင်စစ်တွေမှာတွေ့ရတဲ့ရောဂါပိုးတွေကိုရက်ပိုင်းအတွင်းအမျိုးအစားခွဲခြားနိုင်အောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ပါမောက္ခဒေါက်တာဇော်သန်းထွန်းကအခုလိုထပ်မံပြောပါတယ်။
‘‘ဆရာတို့ထပ်လုပ်ဖို့အစီအစဉ်ရှိတယ်။ အဲဒါရတဲ့အခါ မျိုးဗီဇနဲ့သက်ဆိုင်တဲ့ 614နားကိုပဲကပ်ကြည့်မယ်။ မျိုးဗီဇဆိုင်ရာ(28000)လုံးကိုမကြည့်တော့ဘူးဆိုရင်ပိုမြန်မယ်။ အဲဒီအတွက်ပညာလည်းလိုတယ်။ ပစ္စည်း လေးလည်းလိုတယ်။ ဒါလည်းဆရာတို့စီစဉ်ထားပြီးသားဖြစ်တယ်။ ဒီကနေနောက်တစ်ဆင့်က ဘာလုပ်ဖို့ရှိလဲဆိုရင်တကယ်လို့ ဒီလိုမျိုးဆရာတို့ထပ်ပြီးတော့အောင်မြင်တယ်ဆိုရင် ဒီ(G614)နေရာလေးကိုပဲ ပရိုင်မာလေးကိုကိုယ့်ဘာသာကိုယ်တည်ဆောက်ပြီးတဲ့အခါကျတော့ ဒီတည် ဆောက်တဲ့ပရိုင်မာလေးကို လုပ်တဲ့အခါကျတော့အခုလိုအကြာကြီးလည်းစောင့်စရာမလိုတော့ဘဲနဲ့ ထွက်တဲ့ပိုးတွေမှာ ခုနကပြောသလို စစ်တွေကထွက်လာတဲ့ပိုးထွက်လာပြီဆိုရင် ဒါသည်အပွားမြန်တဲ့ဟာလားအပွားမမြန်တဲ့ဟာလား ဘာလဲ။
(G614)မှာပြောင်းနေလား မပြောင်းနေလား။ မြန်မြန်ကြည့်လို့ရတဲ့ တစ်ရက်နှစ်ရက်လောက်နဲ့ ကြည့်လို့ရတဲ့အဆင့်အထိကို ဆရာတို့သွားဖို့အခြေအနေရှိတာပေါ့” လို့ ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းကပြောပါတယ်။
COVID-19နဲ့ပတ်သက်လို့ မူလရောဂါပိုး (D614)ရော၊ မျိုးဗီဇပြောင်းလာတဲ့ရောဂါပိုး(G614)ပါ ကာကွယ်ရမယ့်နည်းလမ်းတွေဟာအတူတူပဲဖြစ်ပြီးအပြင်သွားရင် နှာခေါင်းစည်းတပ်တာ၊ လက်မကြာခဏဆေးတာ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လမ်းညွှန်ချက်တွေကိုလိုက်နာတာတွေဆောင်ရွက်ရမှာဖြစ်ပါတယ်။


Ref ; One News Myanmar

0 comments:

Post a Comment