Sunday, August 16, 2020

COVID-19 ကြောင့် ထိခိုက်ခဲ့သည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များကို ကျပ်(၃၅)သိန်းမှ သိန်း(၁၀၀)အထိ နှစ်ကျပ်တိုးဖြင့် ချေးပေးမည်ဖြစ်

အစိုးရမှ COVID-19 ကြောင့် ထိခိုက်ခဲ့သည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များကို ကျပ်(၃၅)သိန်းမှ သိန်း(၁၀၀)အထိ နှစ်ကျပ်တိုးဖြင့် ချေးပေးမည်ဖြစ်ပြီး လုပ်ငန်းလိုင်စင် မရှိပါကလည်း ထွေအုပ်ထောက်ခံချက်ဖြင့် ချေးငွေလျှောက်ထားနိုင်ဟုသိရသည်။
COVID-19 ကြောင့် ထိခိုက်မှု ရှိခဲ့သည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များကို နှစ်ကျပ် အတိုးနှုန်းဖြင့် ကျပ်(၃၅)သိန်းမှ သိန်း(၁၀၀)အထိ တစ်နှစ်သက်တမ်း ချေးငွေများ ထုတ်ချေးပေးမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာသည်။
COVID-19 ကြောင့် ထိခိုက်နစ်နာခဲ့ပြီး အရင်းအနှီးလိုအပ်နေသည့် နိုင်ငံတဝန်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များ အနေဖြင့် သြဂုတ်(၁၅)ရက်မှစတင်ကာ ချေးငွေ စတင်လျှောက်ထားနိုင်ပြီဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဋ္ဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဋ္ဌာနက ထုတ်ပြန်သည်။
လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များအား ငွေချေးပေးနိုင်ရန် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်း (၄၄)ဖွဲ့သို့ ငွေကျပ်သိန်း(၅၉၄၉၀၀)ကျော် စိစစ်ထုတ်ပေးထားပြီး ဖြစ်ကြောင်းနှင့် ချေးငွေရယူလိုသူများအနေဖြင့် ယင်း အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသို့ ဆက်သွယ်ကာ ချေးငွေလျှောက်ထားနိုင်ကြောင်း ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဋ္ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအတွက် ချေးငွေထုတ်ချေးရာတွင် ရင်းနှီးထားသည့် ပမာဏနှင့် ဆိုင်အရွယ်အစားအပေါ် မူတည်ကာ ကျပ်(၃၅)သိန်းမှ ကျပ်သိန်း (၁၀၀)ထိ ချေးပေးမည်ဖြစ်ပြီး ချေးငွေကာလ တစ်နှစ်၊ အတိုးနှုန်း (၂)ရာခိုင်နှုန်းနှင့် ဆိုင်းငံ့ကာလ (၃)လဖြစ်ကာ (၃)လတစ်ကြိမ် အရင်းနှင့်အတိုးကို ပြန်လည် ပေးဆပ်ရမည်ဟု ဆိုသည်။
ချေးငွေ လျှောက်ထားရာတွင် အချက် (၉)ချက် လိုအပ်မည် ဖြစ်ပြီး လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်သည် COVID-19 ကြောင့် လုပ်ငန်းယာယီပိတ်သိမ်းခဲ့ရပြီး ထိခိုက်မှုရှိခဲ့ခြင်း၊ အခြေတကျ ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း အထောက်အထား၊ ဆိုင်ဖွင့်လှစ်မှုသက်တမ်း တစ်နှစ်အထက် ရှိခြင်း၊ စည်ပင် လုပ်ငန်းလိုင်စင် (သို့မဟုတ်) ဆိုင်ဖွင့်ထားကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ပိုင်ဆိုင်မှု အထောက်အထား စာချုပ်စာတမ်း သို့မဟုတ် အာမခံပေးမည့် ပုဂ္ဂိုလ် နှစ်ဦး၊ ချေးငွေကို ဆိုင်ပြန်ဖွင့်ရေးအတွက်သာ အသုံးပြုရမည် ဖြစ်ခြင်း၊ ချေးငွေတစ်နှစ်အတွင်း ပြန်ဆပ်ရမည်ဖြစ်ခြင်းနှင့် ရင်းနှီးငွေ ကျပ်သိန်း(၁၅၀)အောက်တွင် လည်ပတ်နေသော လုပ်ငန်းဖြစ်ခြင်း စသည့် အချက်များနှင့် ကိုက်ညီရမည်ဟု ဆိုသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ချေးငွေ ထုတ်ချေးနိုင်သည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း (၁၇)ဖွဲ့ အပါအဝင် တဆင့်ခံ ငွေချေးပေးမည့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ အမည်စာရင်းများကိုလည်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

0 comments:

Post a Comment