Wednesday, August 19, 2020

COVID-19 ပြည်တွင်း ကူးစက်မှုကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဒေသခံများ စိုးရိမ်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် COVID-19 ရောဂါကူးစက်ခံရသူ ၄ ရက်အတွင်း ၄ ဦးရှိလာသည့် အတွက် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက စိုးရိမ်နေကြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သြဂုတ်လ ၁၉ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည့် သတင်း ထုတ် ချက်အရ ပြည်ပခရီးသွားရာဇဝင်မရှိသည့် စစ်တွေမြို့က လူသုံးဦးတွင် COVID-19 ကိုရိုနာဗိုင်း ရပ်စ်ရောဂါ ပိုး တွေ့ ရှိရကြောင်း ထုတ်ပြန်လိုက်သည့်အတွက် စိုးရိမ်မှုများ မြှင့်တက်နေသည်ဟု ဒေသခံများက ပြော သည်။
စစ်တွေမြို့ ဒေသခံ ဦးထွန်းအောင် က “အခုက ပြဿနာက ကျနော်တို့က CB ဘဏ်ဝန်ထမ်းမှာ ရှိတယ်ဆိုက တည်းက စိုးရိမ်နေ တာပါ။ ဘဏ်ဝန်ထမ်းဆိုတော့ သူက ဆက်စပ်မှု၊ ထိတွေ့ မှုလည်းများမယ်။ ပြည်တွင်း ကူးစက်မှုလို့လည်း ပြောလို့ရတာပေါ့နော်။ သူက ခရီးလည်းထွက်ထားတာရှိတယ်။ ဘယ်က ဘယ်သူ့ဆီက ကူး တယ်ဆိုတာလည်း အဖြေမသိသေးဘူးဆိုတော့ သေချာတာတစ်ခုကတော့ ကျနော်တို့ဆီမှာ ရှိနေတယ် ဆို တာပဲဗျ။ အခုလည်း လူနာက သုံးယောက်တောင် ထပ်တိုးတယ်။ အဲ့ဒါကြောင့် ဒီကြားထဲမှာ positive လူနာ တွေ ထပ်ရှိမယ်ဆိုရင်တော့ ပိုပြီး စိုးရိမ်ရတော့မယ်” ဟု ပြောသည်။
သြဂုတ်လ ၁၆ ရက်နေ့ စစ်တွေမြို့ရှိ ဘဏ်ဝန်ထမ်းတစ်ဦး COVID-19 ကူးစက်ခံထားရကြောင်း ထုတ်ပြန်ခဲ့ပြီး ၎င်းကို လူနာအမှတ် ၃၇၅ အဖြစ် သတ်မှတ်ထားသည်။
သြဂုတ်လ ၁၉ ရက်နေ့က အတည်ပြုလိုက်သည့် ထပ်မံ ကူးစက်ခံရသူ သုံးဦးမှာ လူနာအမှတ် ၃၇၅ နှင့် ထိတွေ့ ခဲ့သူနှစ်ဦးဦးဖြစ်ပြီး ကျန်တစ်ဦးကတော့ NGO ဝန်ထမ်းတစ်ဦးဖြစ်သည်ဟု စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က သတင်းမီဒီယာများအား ပြောဆိုထားသည်။
စစ်တွေမြို့အတွင်း စစ်ရှောင် လေးထောင်ခန့်ရှိသည့်အတွက် ရောဂါကူးစက်မှုများ ထပ်မံတိုးလာမည်ကို စိုးရိမ် နေရသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က “ဘဏ်ဝန်ထမ်းက ကျောက်ဖြူသွားထားတယ်၊ ပုဏ္ဏားကျွန်းကိုလည်း သွားထားတယ်။ ဒီလူနာကလည်း ပြည်တွင်းကူးစက်မှု ဖြစ်တာပေါ့။ ပိုပြီးစိုးရိမ်ရတာပေါ့ဗျာ။ အခုဆက်ပြီး ကူးတာတွေတွေ့တော့ IDPs Camp တွေကိုလည်း ကူးစက် နိုင်ချေရှိလာတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တွေမှာက IDPs တွေက လေးထောင်ဝန်းကျင်လောက်ရှိနေ တယ်။ ဒီ IDPs Camp က လူတွေကလည်း အပြင်မှာ သွား လာနေကြတာတွေရှိတယ်။ ရရာ အလုပ် လုပ်နေ ကြတယ်။ ဈေးတွေမှာလည်း အလုပ်လုပ်နေကြတယ်လေ။ အခုမြန်မြန်လေးပေါ့နော် ဘယ်လိုမျိုး ဘယ်ကနေ ကူးစက်တယ်ဆိုတာမျိုး ရှာဖွေစစ်ဆေးပြီး ထုတ်ပြန်နိုင်ရင်တော့ ပိုပြီးကောင်းမယ်” ဟု ပြောသည်။
စစ်တွေမြို့အတွင်း သြဂုတ်လ ၁၆ ရက်နေ့ နောက်ပိုင်းမှ စတင်၍ အသွားအလာ လျှော့နည်းလာသည်ကို တွေ့ ရသော်လည်း ပေါ့ဆနေသူများလည်း အများအပြားရှိနေသေးသည်ဟု ဒေသခံများ က ပြောသည်။
ယခုကဲ့သို့ ပြည်တွင်းကူးစက်မှုများ ထပ်မံဖြစ်ပေါ်လာရခြင်းသည် COVID-19 ရောဂါ ကာကွယ် တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ထိရောက်စွာ လုပ်ဆောင်မှု မရှိခြင်းကြောင့် ဖြစ်သည်ဟု ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။
“အစိုးရကို ပြောချင်တာကတော့ ကျနော်တို့ ဘယ်လောက်ပဲ စစ်ဆေးနေပါစေ၊ တားဆီးကာကွယ်မှုတွေက အားနည်းချက်တွေရှိတဲ့အတွက်ကြောင့်မို့လို့ ပြည်တွင်းမှာ လူမသိသူမသိလူနာတွေ ရှိနိုင်တယ်ဆိုတာ မျိုး ပြောခဲ့တာရှိတယ်။ အဲ့လိုမျိုးပြောခဲ့ပေမယ့် နောက်ပိုင်း ပိုးတွေ့လူနာတွေကလည်း Negative ဖြစ်သွားတယ်၊ အဲ့တော့ အစိုးရဌာနဆိုင်ရာတွေ နောက်ပြီး COVID နဲ့ ပတ်သက်ပြီး လိုက်ပါဆောင်ရွက်သူတွေက အရမ်းကို အားနည်းသွားခဲ့တယ်။ လုပ်ဆောင်မှုတွေက လျော့ချလိုက်တဲ့ အခြေအနေမျိုးမှာ ရှိတယ်။ ပြောရမယ်ဆိုရင် ဌာဆိုင်ရာတွေကအစ Mask တွေမတပ်တာတို့၊ လိုက်နာရမယ့် စည်းကမ်းတွေကို မလိုက်နာတာတွေ တွေ့ရ တယ်။ အပူချိန်တိုင်းတာတွေ့ က အစ သိပ်မလုပ်ကြတော့ဘူး။”
လူနာအမှတ် ၃၇၅ နှင့် ဆက်စပ်ထိတွေ့သူ တစ်ရာကျော်အား စောင့်ကြည့်လူနာများအဖြစ် ထားရှိကာ ဆေး စစ်ချက်များ၊ နမူနာများ ရယူကာ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်တွေမြို့ အဝင်အထွက်များ ကန့်သတ်မှုများ လုပ်ဆောင်ရန် လိုအပ်သည်ဟု ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။
“ကူးစက်မှုတွေကို မပေါ့ဆစေချင်ဘူး ဖြစ်နိုင်ရင် စစ်တွေအဝင်အထွက်တွေကို ကန့်သတ်တာမျိုး၊ Lockdown လုပ်လိုက်တာမျိုးတွေ လုပ်သင့်တယ်။ ပိုးတွေလူနဲ့ ဆက်စပ်တဲ့လူတွေ၊ နောက်ပြီး ရုံးတွေကို ပိတ်လိုက်တာမျိုး တွေလည်း လုပ်စေချင်တယ်။ ဘဏ်ဝန်ထမ်းနဲ့ ထိတွေ့ခဲ့တဲ့လူတွေကို စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကျန်းမာ ရေးဌာနက ထုတ်ပြန်ထားတာလည်း တွေ့တယ်။ ဒါပေမယ့် ဒီရောဂါက ပေါ့ဆလို့မရဘူးဗျ၊ ကျောက်ဖြူမှာ စစ် ရှောင်တွေမရှိပေမယ့် ပုဏ္ဏားကျွန်းနဲ့ စစ်တွေမှာဆိုရင် IDPs တွေရှိတယ်။ အဲ့ဒီတွေထဲ ရောက်သွားပြီဆိုရင် မလွယ်ဘူး” ဟု ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံကြီး၌ စောင့်ကြည့်လူနာဖြစ်သူ လူနာအမှတ် ၃၇၅ နှင့် အလားတူ လူနာအမှတ် ၃၇၇ တို့သည် ဒေသတွင်း ကူးစက်ခံရမှုများဖြစ်ပြီး မည်သူ့ထံမှ စတင်ကူးစက်ခဲ့သည်ကို မသိရှိရသေးပါသ ဖြင့် ကြိုးစား၍ လိုက်လံရှာဖွေနေရဆဲဖြစ်ကြောင်း၊ လူနာအမှတ် ၃၇၅ နှင့် ဆက်စပ်ထိတွေ့ခဲ့သူများအနက် လူနာ အမှတ် ၃၇၈ နှင့် ၃၇၉ တို့အား ထပ်မံရှာဖွေတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ် ပြန်ထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်အတွင်း COVID-19 ရော ဂါပိုး တွေ့ရှိသူ ၂၀ ဦးရှိပြီဖြစ်သည်။ COVID-19 ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအဖြစ် အရှိန်အဟုန်မြင့်မားစွာဖြင့် ပေါ် ပေါက်လာနိုင်သည့် အလားအလာများစွာရှိနေသည့်အတွက် တတ်နိုင်သမျှ မိမိတို့၏ နေအိမ်များတွင်နေရန်၊ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ပဲ လုံးဝမသွားကြရန် အပါအဝင် လိုက်နာရမည့် အချက် (၈) ချက် ကို လည်း ထုတ်ပြန်ထားသည်။
သြဂုတ်လ ၁၉ ရက်နေ့ ည (၈) နာရီ အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ သစ် ၁၅ ဦး ထပ်မံ တွေ့ရှိခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ ၃၉၄ ဦး ရှိပြီ ဖြစ်သည်။
Source - Network Media Group

0 comments:

Post a Comment