Tuesday, August 18, 2020

COVID-19 ကိုရိုနာဗိုင်းရပ် စတင်ပေါ်ပေါက်ရာ ဝူဟန်မြို့တွင် ရေကူးကန်ပါတီပွဲ ဆင်နွှဲ

၂၀၁၉ နှစ်ကုန်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်သစ် စတင်ပေါ်ထွက်ရာ တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေပြည်နယ် ဝူဟန်မြို့မှာ သြဂုတ် ၁၅ ရက်က လူအများအပြား ရေကူးကန်ပါတီပွဲကို ဆင်နွှဲခဲ့ကြပါတယ်။
ပါးစပ် နှာခေါင်းစည်းတပ်မထားတဲ့ လူအများအပြားဟာ ရာဘာဖောင်တွေထဲမှာ ကြပ်ညပ်နေကြပြီး ဖျော်ဖြေသူတွေကလည်း စင်ပေါ်မှာ ကပြသီဆိုခဲ့ပါတယ်။
ဝူဟန်မြို့ မာယာကမ်းခြေ ရေပန်းဥယျာဉ်ထဲက ပါတီပွဲဟာ ဧပြီလက မြို့ကို အသွားအလာ ကန့်သတ်အပြီး လပိုင်းအကြာမှာ ဖွင့်လှစ်ခဲ့တာပါ။
၂၀၁၉ နှစ်ကုန်ပိုင်းက ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ပထမအစုဟာ ဝူဟန်မြို့ ဟွာနန်း ပင်လယ်စာဈေးနဲ့ ဆက်စပ်ခဲ့ပြီး ဇန်နဝါရီလထဲမှာ လူ ၁၁ သန်းရှိတဲ့မြို့ကို အသွားအလာ ကန့်သတ်ခဲ့ကာ ဒေသခံတွေကိုလည်း လူချင်းခွာနေကြဖို့ စည်းမျဉ်းတွေ တင်းကျပ်ခဲ့ပါတယ်။
ကမ္ဘာတဝန်း တခြားမြို့ကြီးတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံဦးရေ မြင့်တက်နေပြီး အသွားအလာ ပိတ်ပင်ကန့်သတ်ချက်တွေ ဆက်လုပ်နေရဆဲပါ။ ဝူဟန်မြို့မှာတော့ မေလအလယ်ပိုင်းတည်းက ဒေသတွင်းကူးစက်မှု အစီရင်ခံတာ မရှိတော့ပါဘူး။
Crd : DVB

0 comments:

Post a Comment