Monday, August 10, 2020

အမေရိကန် ကျန်းမာရေးဝန်ကြီး Covid-19 ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် ထိုင်ဝမ်သို့ရောက်ရှိ

အမေရိကန်ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုဝန်ကြီး အဲလက်အဇားဟာ ထိုင်ဝမ်ကျွန်းကို အခုလ(၉)ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။ဒါဟာ အမေရိကန်နဲ့ ထိုင်ဝမ်ကျွန်းအကြား သံတမန်ဆက်ဆံရေး ရပ်နားသွားခဲ့တဲ့၁၉၇၉ခုနှစ်နောက်ပိုင်း အမေရိကန်အစိုးရအဖွဲ့ဝင်တစ်ဦးအနေနဲ့ အမြင့်ဆုံးအဆင့် လာရောက်လည်ပတ်မှုဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပြည်မကြီးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ယူဆထားပြီး၊ အမေရိကန်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကျွန်းနဲ့ အဆက်အသွယ်လုပ်တာတွေကို အစဉ်တစိုက်ဆန့်ကျင်လာခဲ့ပါတယ်။ အခုလို အမေရိကန် ကျန်းမာရေးဝန်ကြီး အဇား လာရောက်လည်ပတ်တဲ့ ကိစ္စကိုလည်း တရုတ်အစိုးရဘက်က ကန့်ကွက်ထားခဲ့ပါတယ်။
ဝန်ကြီး အဇား ဟာ သူ့ရဲ့သုံးရက်ကြာခရီးစဉ်အတွင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်နဲ့အတူ ကျန်းမာရေးအာဏာပိုင်တွေနဲ့ တွေ့ဆုံသွားဖို့ရှိပြီး၊ ထိုင်ဝမ်မှာ ကြုံတွေ့နေရတဲ့ Covid-19 ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။
ထိုင်ဝမ်အစိုးရရဲ့ ကျန်းမာရေးစနစ်တွေဟာ Covid-19 ကူးစက်မှုအရေအတွက်ကို ထိန်းထားနိုင်တယ်လို့ နာမည်ကောင်းရ ထားပါတယ်။ ထိုင်ဝမ်ကျွန်းမှာ Covid-19 ကူးစက်မှုအရေအတွက်ဟာ ငါးရာအောက်မှာရှိပြီး၊ သေဆုံးသူကလည်း ခုနစ်ဦးသာရှိပါသေးတယ်။
တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကျွန်းကိစ္စဟာ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးမှာ ကသိကအောက်ဖြစ်စေနိုင်တဲ့ အဓိကကိစ္စအဖြစ် ရှုမြင်ထားပါတယ်။လက်ရှိအချိန်မှာတရုတ်နိုင်ငံဟာအမေရိကန်အစိုးရနဲ့ကုန်သွယ်ရေး၊နည်းပညာ၊ တောင်တရုတ်ပင်လယ်အရေး၊ Covid-19ကိစ္စ စတဲ့ကိစ္စပေါင်းစုံနဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်နေပါတယ်။
source : AP
Crd : OneNews

0 comments:

Post a Comment