Wednesday, August 26, 2020

ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန် တပ်မတော်ဆေးအဖွဲ့များနှင့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ဒုတိယအကြိမ် ပို့ဆောင်



ရခိုင်ပြည်နယ်အတွင်း Coronavirus Disease 2019(COVID-19) ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုများ ပိုမိုများပြားလာပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ယနေ့နံနက် ၈ နာရီနှင့် နေ့လယ် ၂ နာရီခွဲချိန် သတင်းထုတ်ပြန်ချက်အရအတည်ပြုလူနာစုစုပေါင်း ၅၇၄ ဦး တွေ့ရှိကာ ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအန္တရာယ်မဖြစ်ပေါ်စေရေး တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းနှင့်နိုင်ငံအဝန်း၌ (COVID-19) ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်အတွင်း (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်မှ မေ့ဆေးပါရဂူ ၁ ဦး၊ ဓာတ်ခွဲပါရဂူ ၁ ဦး၊ ဆေးပါရဂူ ၁ ဦး၊ ဆေးမှူး ၂ ဦးနှင့် သူနာပြု ၁၀ ဦးတို့နှင့်အတူ တပ်မတော်ကလှူဒါန်းသော ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး အထောက်အကူပြုဆေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်း များကို ဒုတိယအကြိမ်ပို့ဆောင်ခဲ့သည်။
ထိုသို့ပို့ဆောင်ရာတွင် Oxygen Plant ၁ လုံး၊ ICU Ventilator(SV-300) ၁ လုံး၊ ICU Bed ၂ လုံး၊ Suction Machine ၃ လုံး၊ Pluse Oxymeter ၃ လုံး၊ Patient Monitor ၃ လုံး၊ Infusion Pump ၃ လုံး၊ Syringe Pump ၃ လုံး၊ Video Laryngoscope ၁ လုံး၊ Mini-Centrifuge ၁ လုံး၊ Oxygen Cylinder(40L) ၂၀ လုံး၊ Oxygen Concentrator(5L) ၁ လုံး၊ BP Cuff ၃ လုံး၊ UV Lump ၅ ချောင်း၊ ဆေးနှင့် ဆေးပစ္စည်း ၁၃၄ မျိုးအပြင် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို ရန်ကုန်လေဆိပ်မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့သည်။ အဆိုပါဆေးပစ္စည်းများတွင် ရခိုင်ပြည်နယ်အတွင်း Oxygen လိုအပ်ချက်ကို အထောက်အကူဖြစ်စေရန် တစ်ရက်လျှင် ဥထပါနည Oxygen Cylinder ၆ လုံးထုတ်လုပ် ပေးနိုင်သည့် Oxygen Plant စက် ၁ လုံးပါဝင်ကြောင်း သိရှိရသည်။
တပ်မတော်မှ ဆေးအဖွဲ့များနှင့် အထောက်အကူပြုဆေးပစ္စည်းများ၊ စားသောက် ဖွယ်ရာများကို စစ်တွေတပ်နယ်မှ ဗိုလ်မှူးကြီး သက်နိုင်ဦးနှင့် တာဝန်ရှိသူများက စစ်တွေ လေဆိပ်၌ ကြိုဆိုလွှဲပြောင်းလက်ခံရယူကြသည်။
ထို့ပြင် COVID-19 ရောဂါအတည်ပြုလူနာများ ကုသနိုင်ရန်အတွက် စစ်တွေ တပ်နယ်ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် တပ်မတော်စစ်ဆေးရုံတို့တွင် လူနာ ၁၂၀ ဦးစာ ကုသနိုင်ရေးကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment