Wednesday, August 19, 2020

စစ်တွေမြို့မှ COVID-19 အတည်ပြုလူနာသုံးဦးထဲတွင်(NGO)ဝန်ထမ်းတစ်ဦးနဲ့ ဘဏ်ဝန်ထမ်း မိသားစုဝင် နှစ်ဦး ပါဝင်

ရခိုင်ပြည်နယ်၊စစ်တွေမြို့မှာ(COVID-19) အတည်ပြုလူနာ (၃)ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ဩဂုတ်လ (၁၉)ရက် မနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ပိုးတွေ့ လူနာ (၃) ဦးတွင် (NGO)ဝန်ထမ်းတစ်ဦးနဲ့ ဘဏ်ဝန်ထမ်းတစ်ဦးရဲ့ မိသားစုဝင်(၂)ဦး ဖြစ်တယ်လို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၏ ပြောကြားချက်အရ သိရပါတယ်။
အဆိုပါ (NGO)ဝန်ထမ်းဖြစ်တဲ့ လူနာအမှတ်(၃၇၇) အမျိုးသမီးဟာ ဩဂုတ်လ(၁၈)ရက်က ဖျားလာတဲ့အတွက် ချက်ချင်းစစ်ဆေးခဲ့ရာကနေ အခုလို ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ဘဏ်ဝန်ထမ်းတစ်ဦးရဲ့ မိသားစု (၂) ဦးကတော့ အရင် အတည်ပြုလူနာအမှတ် (၃၇၅) နဲ့ ဆက်စပ်မှုမရှိဘဲ သတ်သတ်စီ ဖြစ်တယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောပါတယ်။
အတည်ပြု လူနာအမှတ်(၃၇၇)ကတော့ ဆေးရုံတက်ရောက် ကုသနေသူဖြစ်ပြီး လူနာအမှတ် (၃၇၈)နဲ့ လူနာအမှတ်(၃၇၉)တို့ကတော့ တိုင်းရင်းဆေးရုံမှာ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုခံယူနေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ အဲဒီလူနာနှစ်ဦး ကုသမှုခံယူဖို့ စစ်တွေဆေးရုံကြီးကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အတည်ပြုလူနာ(၃) ဦးကို တွေ့ရှိတာကြောင့် စစ်တွေမြို့မှာ ပြည်တွင်းကူးစက်မှု (၄)ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ ဒါအပြင် လူနာအမှတ်(၃၇၅)နဲ့ ဆက်စပ်သူ (၂၀၀)နီးပါးကိုလည်း စောင့်ကြည့်လူနာတွေအဖြစ် ထားရှိပြီး ဓါတ်ခွဲနမူနာတွေကို စစ်ဆေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောကြားချက်အရ သိရှိရပါတယ်။
Crd : OneNews

0 comments:

Post a Comment