Saturday, August 22, 2020

ရခိုင်ပြည်နယ်၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေစိုးရိမ်ရသည့် အနေအထားတွင် (AA)အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် လူမဆန်သည့် လုပ်ရပ်မျိုး မလုပ်ရန် သမ္မတရုံး သတိပေး

ရခိုင်ပြည်နယ်၌ COVID-19 ရောဂါ စိုးရိမ်ရသည့်အနေ အထားတွင် (AA)အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် လူမဆန်သည့် လုပ်ရပ်မျိုး၊ အကြမ်းဖက်တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ရန် သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတိပေး ပြောကြားသည်။
မနေ့က နေပြည်တော်တွင် သုံးရက်ကြာ ပြုလုပ်ခဲ့သည့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်း အဝေးအပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်း မီဒီယာများ၏ မေးမြန်းမှုအပေါ် ၎င်းက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေ၊ ပြည်သူတွေရဲ့ အကျိုးအတွက်ပေါ့နော်။ ဒီအချိန်ဒီကာလမှာ အကြမ်းဖက် တိုက် ခိုက်တာတွေ၊ ချောင်းမြောင်းတိုက်ခိုက်တာတွေ၊ ဖမ်းဆီးတာတွေ ပေါ့နော်။ အဲဒါမျိုးဆက်လုပ်ရင်တော့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်လိမ့် မယ်။ လူမဆန်တဲ့ လုပ်ရပ်တွေ မလုပ်ပါနဲ့။ ကျွန်တော်တို့ အဲဒါကို အလေးအနက်ပြောချင်တယ်။ သတိလည်း ပေးပါတယ်။ ဒီလို ကိုဗစ်(၁၉) ကပ်ရောဂါ စိုးရိမ်ရတဲ့ အနေအထားမျိုးမှာ အကြမ်းဖက်လုပ်ရပ်တွေ ဆက်ပြီးတော့ မလုပ်ပါနဲ့ "ဟု ဦးဇော်ဌေးက ပြောဆိုသည်။
ထိုသို့ဆောင်ရွက်ပါကလည်း အစိုးရအနေဖြင့် အကြမ်းဖက်နှိမ်နင်းရေး၊ စစ်ဆေး ရေး လုပ်ဆောင်ရန် တပ်မတော်ကို ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
"အေအေရဲ့ လှုပ်ရှားမှုတွေဟာ ဘယ်လိုဖြစ်လာလည်းဆိုရင် ကျွန်တော်တို့ တစ် ဖက်မှာ KIA +3 ပေါ့။ သူတို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့ဟာတွေက Positive တွေပြော နေတယ်။ ကြေညာချက် တွေက ထုတ်နေတယ်။ အပစ်ရပ် ကြေညာချက်တွေ ထုတ်တယ်။ သို့သော် နေ့တိုင်းနေ့တိုင်းချောင်းမြောင်းပစ်တာ၊ အဓမ္မဖမ်းဆီးတာတွေပေါ့နော်။ သံဃာ တွေကအစ ဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ဖြစ်လာတယ်ပေါ့နော်။ ဒါက တော်တော်လေးကို ရှက်ဖို့ကောင်းတဲ့ကိစ္စ၊ ရွံ့ရှာဖို့ကောင်းတဲ့ ကိစ္စဖြစ်တယ်လို့ ကျွန်တော်တို့ကတော့ သတိပေးပြောကြားလိုပါတယ်"ဟု ဦးဇော်ဌေးက ပြောဆိုသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဩဂုတ် ၁၆ရက်မှ ၂၁ရက် နံနက် ၈ နာရီ အထိ ကိုဗစ်(၁၉) အတည်ပြုလူနာ ၁၉ ဦး ရှိလာပြီဖြစ်သောကြောင့် စစ်တွေမြို့နယ်ကို Stay at Home စည်းမျဉ်း၊ စည်းကမ်းများထုတ်ပြန်ကာ အထူးကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
"အဓိက ပြောချင်တာက အေအေ အပါအဝင်ပေါ့နော်။ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒီကပ်ရောဂါ ကျရောက်တဲ့ အချိန်ဖြစ်လာတော့ ရခိုင်ပြည်နယ် ကို ကျွန်တော်တို့ တော်တော်လေး စိုးရိမ်ပါတယ်။ စိုးရိမ်ပြီးတော့၊ အလေးထားပြီးတော့ လည်း လုပ်နေတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ဆက်စပ်မှုနဲ့ Contact ကို အထူးကြပ်မတ်ပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်"ဟု ဦးဇော်ဌေးက ပြောဆိုသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ကိုဗစ်(၁၉) အတည်ပြုလူနာဦးရေသည် ယခင် တွေ့ရှိခဲ့သူများအပါအဝင် စုစုပေါင်း ၃၅ ဦးအထိရှိနေပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
Crd : The Standard Time

0 comments:

Post a Comment