Monday, August 17, 2020

CanSino ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး တရုတ်နိုင်ငံမှာ ပထမဆုံးမူပိုင်ခွင့်ရ

တရုတ်နိုင်ငံရဲ့ ဆေးဝါးထုတ်လုပ်တဲ့ CanSino Biologics ကုမ္ပဏီရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး Ad5-nCOV ဟာ တရုတ်တာဝန်ရှိသူတွေထံကနေ မူပိုင်ခွင့်ရရှိသွားပြီလို့ တရုတ်နိုင်ငံဉာဏမူပိုင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။
ဒါဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအတွက် တရုတ်နိုင်ငံမှာ ပထမဆုံးမူပိုင်ခွင့်ရရှိခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနက သြဂုတ် ၁၆ ရက်မှာ ဖော်ပြထားပါတယ်။ မူပိုင်ခွင့် ခွင့်ပြုလိုက်တာကို တရုတ်အမျိုးသားဉာဏမူပိုင်ခွင့်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က သြဂုတ် ၁၁ ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ အဆိုပါသတင်းဌာနက ဖော်ပြထားပါတယ်။
CanSino ရဲ့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး တတိယအဆင့် စမ်းသပ်မှုတွေကို စတင်ရန်စီစဉ်ထားတယ်လို့ ဆော်ဒီအာရေဗျနိုင်ငံက ယခုလအတွင်းမှာ ပြောဆိုထားပါတယ်။ CanSino ဆေးဝါးကုမ္ပဏီဟာ အဲဒီဆေးရဲ့ တတိယအဆင့် စမ်းသပ်မှုများပြုလုပ်ဖို့် ရုရှား၊ ဘရာဇီး၊ ချီလီနိုင်ငံတို့နဲ့ပါဆွေးနွေးထားတယ်လို့ ဆိုပါတယ်။
မူပိုင်ခွင့်ရရှိသွားတာကြောင့် ကုမ္ပဏီရဲ့ ဟောင်ကောင်ရှယ်ယာတွေဟာ သြဂုတ် ၁၇ ရက်မှာ ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ရှန်ဟိုင်းရှိ ရှယ်ယာတွေကတော့ မွန်းလွဲပိုင်းမှာ ၆ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment