Sunday, August 23, 2020

အင်းစိန်ထောင်ရောက် ဦးဌေးအောင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ မပျက်ပြယ်

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ -၁၂၄ (က) ဖြင့် အင်းစိန်ထောင်တွင်းရောက်ရှိနေသည့် ဦးဌေးအောင် သည် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ် ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်ရွေး ကောက်ပွဲကော်မရှင်ခွဲမှ သိရသည်။
ဦးဌေးအောင်အနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ပြင်းထန်စွာ ဝေဖန်ပြောဆိုလေ့ရှိသူတစ်ဦးဖြစ်ပြီး ၎င်းအား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပြီး တရားရုံးဖမ်းဝရမ်းဖြင့် သြဂုတ် ၂၁ ရက်က ဖမ်းဆီးကာ အင်းစိန်ထောင်သို့ ပို့ ဆောင်ခဲ့ခြင်းဖြစ်သည်။
ဦးဌေးအောင်သည် လာမည့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့်အပြိုင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံရန် စာရင်းတင်သွင်းထားသူတစ်ဦး လည်း ဖြစ်သည်။
''ကျွန်တော်တို့က ဖမ်းဆီးရုံနဲ့တော့ မပယ်ဖျက်ပါဘူး။ အမှုရင်ဆိုင်နေတဲ့ အချိန်မှာ အတိအကျပေါ်တော့မှ လုံလောက်တဲ့အထောက်အထားတွေ စွဲချက်တင်ပြီး စီရင်ချက်ချတဲ့နေ့မှ ဒီအခြေအနေပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ပယ်ဖျက်ပါတယ်။ ရွေးကောက်ပွဲကျင်းပနေစဉ်အတွင်းမှာလည်း အမှုက မပျက်သေးဘူးဆိုရင်လည်း သူ့ကို ကျွန်တော်တို့က မပယ်ဖျက်ပါဘူး''ဟရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးသိန်းလှိုင် က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် နိုင်ငံခြားအထောက် အပံ့များရယူသည်ဟု သတင်းစာရှင်း လင်းပွဲများပြုလုပ်ကာ ဦးဌေးအောင်က ပြောဆိုခဲ့သလို ဒေါ်အောင်ဆန်းစုကြည် အား ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ရန် ခရိုင်ရွေးကောက်ပွဲကော် မရှင်သို့ ကန့်ကွက်လွှာတင်သွင်းခဲ့သူ တစ်ဦးလည်းဖြစ်သည်။
သို့သော် ၎င်း၏ကန့်ကွက်လွှာကို ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ် ချခဲ့သဖြင့် တိုင်းဒေသကြီးရွေး ကောက် ပွဲကော်မရှင်သို့ ကန့်ကွက်လွှာထပ်မံ တင်သွင်းရန် ပြင်ဆင်နေခဲ့ခြင်းလည်း ဖြစ်သည်။ရွေးကောက်ပွဲဥပဒေပုဒ်မ ၁ဝ- ကိုယ်စားလှယ်လောင်းဆိုင်ရာအရည် အချင်းသတ်မှတ်ချက်ထဲတွင် ထောင်ဒဏ်ကျခံနေသူများသာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိဟု ပြဌာန်း ထားသည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၄(က)တွင် မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ အခြားသောနည်းဖြင့်ဖြစ်စေ ပြည်ထောင်စုအတွက် သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်းပြုလျှင်၊ သို့တည်းမဟုတ် ထိုသို့ပြုရန်အားထုတ်လျှင် ငွေဒဏ်နှင့် တစ်သက် တစ်ကျွန်းပြစ်ဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့် တစ်သက်တစ်ကျွန်းအောက် ပြစ်ဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်ထားသည်။
Ref ; The Myanmar Times

0 comments:

Post a Comment