Monday, August 10, 2020

အင်းစိန်ဗဟိုအကျဉ်းထောင်မှ ၁၀ တန်းမေးပွဲကို ဖြေဆိုသူ ၈၅ ဦးမှ ၅၈ ဦး အောင်၊ လေးဘာသာဂုဏ်ထူးရှင် အပါအဝင် ဂုဏ်ထူးရရှိသူ ၃၄ ဦး ထွက်ပေါ်

အင်းစိန်ဗဟို အကျဉ်းထောင် စာစစ်ဌာနတွင် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၈၅ ဦးအနက် အောင်မြင်သူ ၅၈ ဦးရှိခဲ့ရာ အောင်ချက်ရာခိုင်နှုန်းမှာ ၆၈ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်ဦးစီးဌာန တာဝန်ရှိ အရာရှိတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ အင်းစိန်ထောင်က ဒီနှစ် ၈၅ ယောက် ဖြေပါတယ်။ အောင်တဲ့လူကတော့ ၅၈ ဦးရှိပါတယ်။ အောင်ချက်ရာခိုင်နှုန်းကတော့ ၆၈ ဒသမ ၂၃ ရှိပါတယ်။” ဟု အဆိုပါ အရာရှိက ပြောသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်မှ အောင်မြင်သူ ၅၈ ဦးထဲတွင် တစ်ဘာသာ ဂုဏ်ထူးရှင် ၂၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၆ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၃ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၄ ဦး ရှိခဲ့သည်။
ယခုနှစ် ထောင်တွင်းဖြေဆိုမှု အောင်မြင်သူများထဲတွင် မူးယစ်ဆေးဝါးအမှု၊ လူသတ်မှု၊ ခိုးမှုနှင့် မုဒိန်းမှုတို့ကြောင့် အကျဉ်းခံနေရသူများ ပါဝင်သည်။
အကျဉ်းဦးစီးဌာန၏ အစီအမံတစ်ရပ်အနေဖြင့် ထောင်တွင်းဖြေဆိုမည့် ကျောင်းသူကျောင်းသားများကို တခြားအလုပ်မခိုင်းစေဘဲ ပြင်ပဘော်ဒါဆောင်များအတိုင်း စာကျက်ချိန်ပုံမှန်ပေးပြီး စာသင်ကြားပေးခဲ့ကြောင်း သိရသည်။
ယခင်နှစ်က ထောင်တွင်းဖြေဆို၍ အောင်မြင်သူများကို သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခြင်း၊ အောင်မြင်မှုအလိုက် ပြစ်ဒဏ်လျှော့ပေးခြင်းများ ရှိခဲ့သည်။ ယခုနှစ်တွင် ထိုသို့လုပ်ပေးခြင်းမျိုး ရှိမရှိကို မသိရသေးကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင် ဦးစီးဌာန တာဝန်ရှိ အရာရှိက ပြောသည်။
“နိုင်ငံတော် သမ္မတကနေပြီးတော့မှ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေထဲမှာ စာမေးပွဲအောင်တဲ့သူတွေကို ရပိုင်ခွင့်၊ ခံစားခွင့်တစ်ခုအနေနဲ့ ပေးပါဆိုရင် ကျွန်တော်တို့က သူတို့ညွန်ကြားချက်အတိုင်း လိုက်ပြီးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။
၂၀၂၀ ခုနှစ်အတွင်း အင်းစိန်ဗဟိုအကျဉ်းထောင်၊ မန္တလေးအကျဉ်းထောင်၊ တောင်ငူအကျဉ်းထောင်၊ ကသာအကျဉ်းထောင်၊ လွိုင်ကော်အကျဉ်းထောင်၊ ညောင်ရွှေအကျဉ်းထောင်၊ ကျိုင်းတုံအကျဉ်းထောင်၊ ကျောက်ဖြူအကျဉ်းထောင်၊ ဘားအံအကျဉ်းထောင်၊ သရက်အကျဉ်းထောင်နှင့် မအူပင်အကျဉ်းထောင် စုစုပေါင်း အကျဉ်းထောင် ၁၁ ခုမှ ၁၀၈ ဦး အောင်မြင်ခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment