Tuesday, August 11, 2020

ပေါင်မြို့နယ်မှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အဦး ၃၀ ခန့်ထိခိုက်ပျက်စီး

မွန်ပြည်နယ်၊ ပေါင်မြို့မှာ သြဂုတ်လ ၁၀ ရက်နေ့ညပိုင်းအချိန်က လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်တာကြောင့် နေအိမ်အဆောက်အဦး အလုံး ၃၀ ခန့်ပျက်စီးပြီးခဲ့တယ်လို့ ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရပါတယ်။
ဖြစ်စဉ်မှာ သြဂုတ်လ ၁၀ရက်နေ့ ၊ည ၁၀ နာရီခွဲအချိန်ခန့်မှာ လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်တာကြောင့် ပေါင်မြို့ရှိ ကဒါရပ်ကွက်၊ မြို့သစ် ၀ လမ်း၊ ၆ လမ်း၊ ၇ လမ်း၊ ၉ လမ်း၊ မြို့ပတ်လမ်း၊ ပေါင်းရပ် ကွက် ဂွေပင်ချောင်ပိုင်းရှိ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့တာဖြစ်ကြောင်း၊ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်၂၁ လုံး အမိုးလန်ပျက်စီးခဲ့သလို၊ရုံးအဆောက်အဦး ၈ လုံးခန့်လည်း အမိုးလန်ပျက်စီးခဲ့ကြောင်းနဲ့ အဲ့ဒီအပြင် ဈေးဆိုင်ခန်းတွေ၊ စပါးကျီတွေ၊ သစ်ပင်များ ပြိုလဲကျိုးကျတာတွေပါဖြစ်ပေါ်ခဲ့တယ်လို့ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့မှသိရပါတယ်။
"ညက ၁၀ နာရီခွဲလောက်မှာ လေဆင်နှာမောင်းဝင်တယ်လို့ သိရတယ်။ ညက သိသိချင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ အဖွဲ့တွေထွက်ပြီး သွားရောက်လုပ်ကိုင်ပေးခဲ့တယ်။ ညတွင်းချင်း ကောက်တဲ့စာရင်းအရတော့ နေအိမ်က ၂၀ ကျော် အခြားအဆောက်အဦးထိခိုက်တာ ၈ လုံးလောက်ရှိမယ်။ အမိုးလန်ပျက်စီးတာတွေပါ။ ဒီမနက်ပိုင်းမှာတော့ ဘယ်နေရာတွေ ထိခိုက်သေးတာရှိမလဲဆိုတာ လိုက်လံစစ်ဆေးရအုန်းမှာပါ''ဟု ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုတိယမီးသတ်ဦးစီးမှူး ဦးငြိမ်းကိုကိုဦးကပြောပါတယ်။
လက်ရှိဖြစ်ပေါ်ခဲ့တဲ့ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တန်ဖိုးကျပ်သိန်း ၃၀ ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်း၊လေဆင်နှာမောင်းကြောင့်ထိခိုက်ပျက်စီးမှုများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ အနီးအနားနေပြည်သူများနဲ့ ဌာနဆိုင်ရာများမှ ပူးပေါင်းကူညီပေးခဲ့ကြောင်း သိရသည်။
Ref ; Yarmanya Times

0 comments:

Post a Comment