Friday, August 14, 2020

သူနာပြုသားဖွားနှင့် ဘက်စုံသားဖွား ဒီပလိုမာသင်တန်းတက်မည့်သူများကို လစဉ်သုံးသောင်းကျပ် ထောက်ပံ့ကြေးပေးမည်

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် သူနာပြု သားဖွား ဒီပလိုမာ သုံးနှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းတက်ရောက်မည့်သူများကို ပညာသင်ထောက်ပံ့ကြေး တစ်လလျှင် ငွေကျပ် သုံးသောင်း ချီး မြှင့်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်အားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုသားဖွား ဒီပလိုမာသင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ သင်တန်းများကို ၂၀၂၁ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်ရရှိသူများကို တစ်လလျှင် သုံးသောင်းကျပ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရပါတယ်။
သို့သော် သင်တန်းကာလအတွင်း ပျက်ကွက်လျှင်ဖြစ်စေ၊ သင်တန်းပြီး ဆုံးအောင်မတက်ရောက်ခြင်း၊ သတ်မှတ်ထားသော သင်တန်းစည်းကမ်းများ ဖောက်ဖျက်ခြင်းတို့ လုပ်ဆောင်ပါက သူနာပြု-သားဖွား ဒီပလိုမာ သုံးနှစ်သင်တန်းအတွက် ငွေကျပ် ရှစ်သိန်း၊ ဘက်စုံသားဖွား ဒီပလိုမာ နှစ်နှစ်သင်တန်းအတွက် ငွေကျပ် သုံးသိန်း ပြန်လည်ပေးလျော်ရမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ သင်တန်းများကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများသာ လျှောက် ထားနိုင်ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးသူများလျှောက်ထားမရကြောင်း သိရပါတယ်။
သင်တန်းတက်ရောက်မည့်သူများကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ သုံးဘာသာရမှတ်အပေါ်မူတည်ရွေးချယ်မည်ဖြစ်ပြီး လျှောက်လွှာများကို သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများတွင် ရယူကာ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။
Ref ;MyanmaPlatform

0 comments:

Post a Comment