Sunday, August 23, 2020

ဟိုမိန်း-လင်းခေးလမ်းပိုင်း(တာဆွတ်တိန်း)ကူးတို့ဆိပ်၌ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်ကာ လူနေအိမ်များ ရေနစ်မြှုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်း-လင်းခေး လမ်းပိုင်း သံလွင်မြစ်နှင့် နမ့်တိန်းချောင်းဆုံရာ (တာဆွတ်တိန်း) ကူတိုဆိပ်၌ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သြဂုတ် ၂၁ ရက်နေ့မှစပြီး ယနေ့အထိ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ပိုမိုမြင့်တက် လာမှုကြောင့် ကားလမ်းနှင့်လူနေအိမ်များ ရေနစ်မြှုပ်မှုများဖြစ်ပေါ်နေရာ ခရီးသွားပြည်သူများ နှင့် ယာဉ်လိုင်းများ အန္တရာယ်ကင်းရှင်းစေရန်အတွက် ရပ်နားထားကြောင်း သိရသည်။
“ အခုကျွန်တော်တို့ (တာဆွတ်တိန်း)ကူးတို့ဆိပ်မှာ သံလွင်မြစ်ရေ အခြေအနေကတော့ သြဂုတ် ၂၁ ရက်ကစပြီး မြင့်တက်လာခဲ့တာပါ။ ဒီနေ့မှာတော့ ‌ရေအတက်နှုန်းက ပိုတိုးလာပြီး ကားလမ်းမ ပေါ်ထိ ကျော်လွန်လာတဲ့အပြင် မြစ်ကမ်းနှစ်ဘက် အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ လူနေအိမ်တွေ စားသောက်ဆိုင်တွေ ဈေးဆိုင်တွေပါ ရေမြှုပ်လာတဲ့ အတွက် ကျွန်တော်တို့ ဟိုမိန်းပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ရွာသူရွာသားတွေနဲ့ ရေလွတ်ရာ ကုန်းမြင့်ပေါ်သို့ ပြောင်းရွေ့ နေရာချပေးထားပါတယ်။ ဒါအပြင် အခုရက်ပိုင်း မိုးက နေ့ ည ဆက်တိုက်ရွာသွန်းမှုကြောင့် တာဆွတ်တိန်း-ဟိုမိန်းလမ်းပိုင်းမှာလဲ တောင်တွေပြို၊ သစ်ပင်လဲပြိုပြီး လမ်းပိတ်ဆို့မှုတွေ လဲရှိနေတယ်၊ လောလောဆယ် ဟိုမိန်း-လင်းခေး သွားလာနေတဲ့ ခရီးသည်တင် မော်တော်ယာဉ်တွေ ကုန် စည်ပို့ဆောင်ရေးတွေလုပ်ငန်းတွေကိုတော့ နားထားတယ်။ ဒီနှစ် သံလွင် မြစ်ရေမြင့်တက်မှုဟာ ယခင်နှစ် ရေကြီးရေလျှံမှုထက် ပိုမြင့်တက်လာတယ်၊ သံလွင်မြစ်ဟာ ရေစီးကလည်း ကြမ်းလွန်းတယ် အဲ့ဒါကြောင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေဖို့ မြစ်ရေမကျခင်ထိ ကူးသန်းမှုကို ရပ်နားထားမှာ ဖြစ်တယ် ”ဟု တာဆွတ်တိန်း ကူးတို့ဆိပ် တာဝန်ခံ ဦးလုကာ ပြောကြားချက်အရ သိရသည်။
အဆိုပါသံလွင်မြစ်ရေမြင့်တက်လာခဲ့မှုကြောင့် လူနေအိမ်နှင့် ဈေးဆိုင်ခန်း(၂၄)လုံး ရေနစ်မြှုပ် မှု ဖြစ်ပေါ်ခဲ့ပြီး လူဦးရေ(၁၀၄)ဦး ရေဘေးကြုံတွေ့နေရကြောင်းနှင့် အဆိုပါ နေရာသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Source - Myanmaalinn / ရဲနောင်(ဟိုမိန်း)

0 comments:

Post a Comment