Sunday, August 23, 2020

၂ဝ၂ဝ အလွန် ငြိမ်းချမ်းရေးအလားအလာကောင်းဟု တပ်မတော်ဆို

၂ဝ၂ဝ အလွန်တွင် ငြိမ်းချမ်းရေး အလားအလာကောင်းကြောင်း ပြည်ထောင်စုသဘောတူစာချုပ်အစိတ် အပိုင်း (၃)ကို ချုပ်ဆိုနိုင်ခဲ့ပြီးနောက် တပ်မတော်ပြောရေးဆိုခွင့်ရှိသူက သုံးသပ်သည်။ငြိမ်းချမ်းရေးညီလာခံအပြီးတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေး အလားအလာများနှင့်ပတ်သက်ပြီး မြန်မာတိုင်းမ်ကို အထက် ပါအတိုင်းပြောခြင်းဖြစ်သည်။
''တစ်နိုင်ငံလုံးကငြိမ်းချမ်းရေးကို လိုချင်နေပြီဖြစ်တယ်။ ဒါကြောင့် ဒီအချိန် ကနေစပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ပိုပြီးကောင်းမွန်လာလိမ့်မယ်လို့ ကျွန်တော်မြင်တယ်''ဟု၎င်းက ပြောသည်။သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အချိန်မဆွဲ ရန်လိုကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။
''ကျွန်တော်တို့ ဂရုစိုက်ရမှာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ် သက်ပြီး အချိန်မဆွဲဖို့တော့လိုတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အချိန်ဆွဲရင် ဘေးပယောဂ ပိုပြီးဝင်လာနိုင်တယ်။ဒါတွေကိုလည်း ဂရုစိုက်ရမှာဖြစ်တယ်'' ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သုံး သပ်သည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအစိုးရ၏ လက်ရှိသက် တမ်းအတွင်း နောက်ဆုံးချုပ်ဆိုနိုင်ခဲ့ သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ ကောင်းမွန်သော ရလဒ်တစ်ခုဖြစ်သည်ဟုလည်း ၎င်းက သုံးသပ်သည်။
''ဒီစာချုပ်ဟာ ၂ဝ၂ဝ အလွန်မှာ ဘယ်လိုလုပ်မယ်ဆိုတဲ့ စီမံချက်ပေါ့။ဖက်ဒရယ်နဲ့ပတ်သက်တဲ့ စီမံချက်တွေ လုပ်ပေးခဲ့တာ ဖြစ်တဲ့အတွက် ဒါဟာ ကောင်းမွန်တယ်။ ကောင်းမွန်တဲ့လမ်း ကြောင်းတစ်ခုဖြစ်တယ်''ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံစတုတ္ထအကြိမ်အစည်း အဝေးကို သြဂုတ် ၁၉ ရက်မှ ၂၁ ရက် အထိ ၃ ရက်ကြာ ကျင်းပကာ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ အကြား အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှုနှင့် ဘဏ္ဍာရေးခွဲဝေမှုရှိရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အခွင့်အာဏာတန်းတူ ကျင့်သုံးရန် စသောဖက်ဒရယ်အခြေခံ ငါးချက်ပါသည့် ပြည်ထောင်စုသဘောတူစာချုပ်အ စိတ်အပိုင်း(၃)ကို ချုပ်ဆို နိုင်ခဲ့သည်။
ထို့ပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ ၂ဝ၂ဝ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက်အကောင် အထည်ဖော်မှုဇယားတစ်ခုကို သဘောတူညီချက် ရရှိခဲ့သည်။
ညီလာခံတွင် ဖက်ဒရယ်စနစ်၏အဓိက အသက်သွေးကြောနှင့် ပြည်တွင်းစစ်၏ ပင်မဇာစ်မြစ်အဖြစ် တိုင်း ရင်းသားများယုံကြည်ထားသည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ရေးသဘောတူညီချက်မပါဝင်ဘဲ ကျန်ခဲ့သည်။ အစိုးရဘက်က ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်ထောင်စု နယ်မြေအသီးသီးကို ဖွဲ့စည်းပြီးဖြစ်၍ ပြည်နယ်တွင် ဖွဲ့စည်းပုံဆိုသည့် စကားရပ် ထည့်စရာမလိုဟုယူဆသည်။ တိုင်းရင်းသားများဘက်က ဖွဲ့စည်းပုံဆိုသည့် စကားရပ်မပါလျှင် ပြည်နယ်များအပေါ် ပြည်ထောင်စုက လွှမ်းမိုးထားသည့် သဘောဖြစ်၍ ဖွဲ့စည်းပုံဆိုသည့် စကားရပ်ကို ထည့်သွင်းလိုကြသည်။ ထိုအသုံး အနှုန်း သဘောတူညီချက် မရရှိ၍ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံမူမှာ ကျန်ရှိ ခဲ့ရခြင်းဖြစ်သည်။
ဖက်ဒရယ်အခြေခံမူအချို့ ပါဝင် သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ကို ရရှိခဲ့သည့်တိုင် အောင်မြင်မှုနည်းကြောင်း မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ နိုင်ဟံသာက သုံးသပ်သည်။ ၂ဝ၂ဝ အလွန်ကာလတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်များကို နိုင်ငံရေးဆွေးနွေးဖို့ထက် လက်နက်ဖြုတ်သိမ်းရေးကိုသာ ဦးတည်နေဦးမည်ဆိုလျှင် တစ်ဆို့မှုများ ဆက် ဖြစ်နေဦးမည်ဟု ၎င်းက မှတ်ချက်ပြုသည်။
''ကျွန်တော်တို့ တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့တွေရဲ့ လက်နက်ဖြုတ် သိမ်းရေးကိုသာ ရည်ရွယ်လုပ် ဆောင် နေရင် တိုင်းရင်းသားတွေဘက်ကမခံ နိုင်ဘူး''ဟု နိုင်ဟံသာက ပြောသည်။တပ်မတော်အနေဖြင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ ကို လက်နက်စွန့်ခိုင်းနေခြင်းမဟုတ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
''ကျွန်တော်တို့ပြောနေတာက တိုင်းရင်းသားတွေကို လက်နက်ချခိုင်းနေ တာမဟုတ်ဘူး။ တိုင်းရင်းသားတွေကို လက်နက်စွန့်ခိုင်းနေတာ မဟုတ်ဘူး။ မိမိမှာရှိတဲ့ လက်နက်တွေကို အသုံး မပြုနဲ့ဆိုတဲ့ ပုံစံမျိုးနဲ့ သွားနေတာဖြစ်တယ်'' ဟု ၎င်းက ပြောသည်။သေနတ်သံမတိတ်ဘဲ နိုင်ငံရေး ဆွေးနွေးနေပါက ပြဿနာပိုမိုကြီး ထွားနိုင်၍ ထိုကဲ့သို့ပြောခြင်းဖြစ်သည် ဟု ၎င်းကဆိုသည်။
Ref ; The Myanmar Times

0 comments:

Post a Comment