Wednesday, August 19, 2020

တာပိန်မြစ်တွင် ဆယ်နှစ်တာ ကာလအတွင်း အကြီးမားဆုံး ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်သည်ဟု ကြိုတင်သတိပေးချက်ထုတ်ပြန်ထား


ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် တာပိန်မြစ်ရေသည် (၁၀)နှစ်တာကာလအတွင်း အကြီးမားဆုံး မြစ်ရေကြီးလာနိုင်သည်ဟု သက်ဆိုင်ရာက ကြိုတင်သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။
ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း၌ တာပိန်ရေအား လျှပ်စစ်စက်ရုံ၏ အထက်ပိုင်းနှင့် ဆက်စပ်နေသည့် တရုတ်နိုင်ငံဘက်ခြမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် တာပိန်မြစ်ရေသည် (၁၀)နှစ်တာကာလအတွင်း အကြီးမားဆုံး မြစ်ရေကြီးမှုဖြစ်ပေါ်လာနိုင်​ကြောင်း တာပိန်ရေအား လျှပ်စစ်စက်ရုံအောက်ပိုင်းနေ ပြည်သူများ ထံသို့ တာပိန်ရေအားလျှပ်စစ် ကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာနှင့် မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က မြစ်ရေကြီးခြင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ိုထို့အပြင် သြဂုတ် ၁၉ ရက် တိုင်းတာချက်အရ တာပိန် စက်ရုံတွင် ပုံမှန်စက်လည်ပတ်ထုတ်လုပ်သည့် ရေပမာဏ (၁၃၀၀၀) ကျူဆက် ထက်ကျော်လွန်၍ (၃၀၀၀၀) ကျူဆက်အထိ ရောက်ရှိလာနိုင်မည်ဟု ခန့်မှန်းရ ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
"တာပိန်မြစ်ရေကလည်း ကြီးလာနိုင်တယ်လို့ သတိပေးထားတယ်၊ မြစ်ကြီးနားနဲ့ အထက်ပိုင်းကလည်း မိုးသည်းနေတယ်၊ ကနေ့ (သြဂုတ် ၁၉) မနက် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေက (၉၉၉)စင်တီမီတာဖြစ်ပါတယ်" ဟု ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးမှူး ဦးတင်သောင်း က ပြောသည်။
တာပိန်မြစ်ရေသည် တရုတ်နိုင်ငံအတွင်းမှ မြန်မာနိုင်ငံအတွင်းသို့ စီးဆင်းလာသည့် မြစ်ကြောင်း တစ်ခုဖြစ်ပြီး မိုးမောက်မြို့နယ်ဖြတ်သန်းကာ ဗန်းမော်မြို့အနီး၌ ဧရာဝတီမြစ်အတွင်းသို့ ပေါင်းဆုံသည့် မြစ်တစ်စင်းဖြစ်​သည်။


Crd : EPN

0 comments:

Post a Comment