Monday, August 10, 2020

ပါကစ္စတန်တွင် သုံးရက်အတွင်း မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေဘေးသင့်ပြည်သူ ၆၄ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံတစ်ဝှမ်းလုံးတွင် ပြီးခဲ့သောသုံးရက်အတွင်း မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လူ ၆၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင့် အမျိုးသားဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (NDMA) က ပြောကြားသည်။
ပါကစ္စတန်နိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းအထိ ဒေသအသီးသီး၌ ရေဘေးကြောင့် အသက်ဆုံးရှုံးခဲ့သူများ တွင် ကလေး ၁၉ ဦးနှင့် အမျိုးသမီးကိုးဦး ပါဝင်ခဲ့ကြောင်း NDMA ကထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။
ပါကစ္စတန်အနောက်မြောက်ပိုင်း ခိုင်ဘာပတ်တွမ်ခွာပြည်နယ်မှာ သေဆုံးသူ ၂၅ ဦးရှိကာ ရေဘေးအသင့်ဆုံး ပြည်နယ်ဖြစ်ပြီး ဆင်းပြည်နယ်၌ သေဆုံးသူ ၁၂ ဦး၊ ဘလူချီစတန်ပြည်နယ်နှင့် ပန်ဂျပ်ပြည်နယ်၌ ရှစ်ဦးစီနှင့် ဂီလ်ဂက်ဘော်လ်တစ်တ်ပြည်နယ်တွင် ၁၀ ဦးထက်မနည်း ရှိခဲ့သည်။
ရေဘေးကြောင့် ဘလူချီစတန်နှင့် ခိုင်ဘာပတ်တွမ်ခွာပြည်နယ်များ၌ ကျေးရွာအများအပြားကို ချိတ် ဆက်ပေးသော တံတားလေးစင်းနှင့် နေအိမ် ၃၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။
ပါကစ္စတန်တပ်မတော်မှာ တပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူများကို ကယ်ဆယ်ရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရဟတ်ယာဉ်များဖြင့် ရေဘေးသင့်ဒေသများသို့ စေလွှတ်ခဲ့သည်။
“ပါကစ္စတန်တပ်မတော်က တပ်ဖွဲ့ဝင်တွေဟာ ရေဘေးနဲ့ နိုင်ဂတ်ဂျ်ဆည်ရဲ့ ရေကာတာရိုး ကျိုးပေါက်မှု ကြုံတွေ့ခဲ့တဲ့ ပြည်သူတွေကိုကူညီဖို့ ဆင်းပြည်နယ်၊ ဒါဒူခရိုင်က ဒေသအသီးသီးမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်”ဟု ပါကစ္စတန်တပ်မတော်၏ ပြည်သူ့ဆက်ဆံရေးဌာန (ISPR) က ပြောသည်။
ပါကစ္စတန်တပ်မတော်၏ အင်ဂျင်နီယာတပ်ဖွဲ့မှ စက်လှေများ၊ ဆေးဘက်အဖွဲ့များက သောင်တင်နေသောပြည်သူများကို ဘေးအန္တရာယ်ကင်းရာနေရာများသို့ ကယ်ဆယ်နေကြောင်း၊ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်နေကြောင်း၊ ဘေးသင့်ပြည်သူများသို့ အစားအစားများ ပေးဝေနေကြောင်း ISPR က ဆိုသည်။
Source : Xinhua
Ref; 64 killed in three-day monsoon rain spells across Pakistan

0 comments:

Post a Comment