Monday, August 17, 2020

ဘဏ်ခွဲတာဝန်ခံ ကြီးကြပ်ရေးမှူးကိုယ်တိုင်က ငွေစာရင်း မသမာမှုပြုလုပ်ပြီး သိန်းငါးထောင်နီးပါး ထုတ်ယူခဲ့မှုဖြစ်ပေါ်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ရှိ ကမ္ဘောဇဘဏ်က ဒုတိယဘဏ်ခွဲတာဝန်ခံ ကြီးကြပ်ရေးမှူးဟာ ငွေစာရင်းတွေကို ခွင့်ပြုချက်မရှိဘဲ သိန်းပေါင်း ၅ထောင်နီးပါး အကြိမ်ကြိမ်ထုတ်ယူကာ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တာကြောင့် ကမ္ဘောဇဘဏ်ရဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် ဒေသ(၄)ခုတာဝန်ခံ လက်ထောက်မန်နေဂျာက မုံရွာမြို့မရဲစခန်းမှာ မနေ့ သြဂုတ် ၁၆ရက်နေ့က တရားလိုပြုလုပ်ပြီး အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။
မုံရွာမြို့မရဲစခန်းမှာ အမှုစစ်တာဝန် ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ “ အဲ့ဒီအမှုရဲ့ ပထမ သတင်းပေးတိုင်တန်းချက် အမှတ် ၇၂၁ / ၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၈ အရ အမှုရေးဖွင့်ထားပါတယ် ၊ အမှုကတော့ စစ်ဆေးနေဆဲ ကာလဖြစ်တယ်” လို့ ပြောပါတယ်။
မုံရွာက မ္ဘောဇဘဏ်ခွဲ (၁)မှာ ငွေစာရင်းဖွင့်လှစ်တားတဲ့ စာရင်းပိုင်ရှင်ဖြစ်သူ အမျိုးသားတစ်ဦးရဲ့ ငွေစုစာ အုပ်ကို စာရင်းပိုင်ရှင်ဖြစ်သူရဲ့ ညီဖြစ်သူက Updateလုပ်ဖို့ ဘဏ်ကိုလာရောက်ချိန် ဘဏ်ရဲ့ System ရှိ စာရင်းလက်ကျန်နဲ့ စာရင်းပိုင်ရှင်ရဲ့ ငွေစုစာရင်းလက်ကျန်မှာ တူညီမှုမရှိဘဲ ငွေတွေလျော့နည်းနေတဲ့အ တွက် တာဝန်ခံမန်နေဂျာက သိခဲ့ရပြီး ရုံးချုပ်တာဝန်ရှိသူအဆင့်ဆင့်ကို ဆက်လက်တင်ပြခဲ့ရာ ရုံးချုပ်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စုံစမ်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအဖွဲ့ရဲ့ စစ်ဆေးပေါ်ချက်အရ ခန္တီးမြို့ ကမ္ဘောဇဘဏ် ဒုတိယဘဏ်ခွဲတာဝန်ခံ ကြီးကြပ်ရေးမှူး ဦးပြည့်ဖြိုးဦး ဆိုသူဟာ Mobile Service လုပ်ကိုင်သူတစ်ဦးနဲ့ ငွေကြေးချိတ်ဆက်မှုတွေပြုလုပ်ကာ အကြိမ် ကြိမ် စာရင်းလွဲပြောင်း ထုတ်ယူခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မုံရွာမြို့ ကမ္ဘောဇဘဏ်ခွဲ(၁)မှာ ငွေစာရင်းဖွင့်ထားသူတစ်ဦးရဲ့ အမည် ၊မှတ်ပုံတင်နံပါတ်ပါယာဉ် မောင်းလိုင်စင်ကို အသုံးပြုပြီး မန္တလေးဘဏ်ခွဲ (၂၀)ကနေ ငွေကြေးထုတ်ယူခဲ့တာမျိုးလဲ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဘဏ်လုပ်ငန်းလုပ်ကိုင်နေတဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဘဏ်ခွဲတာဝန်ခံ ကြီးကြပ်ရေးမှူးကိုယ်တိုင်က ငွေစာရင်း မသမာမှုပြုလုပ်ကာ ငွေကြေးထုတ်ယူတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ မုံရွာမြို့ ကမ္ဘောဇဘဏ်ခွဲ(၁)ကို (VOM) က ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။
မသမာမှုပြုလုပ်ပြီး ငွေတွေထုတ်ယူကာ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခဲ့တယ်လို့ စွပ်စွဲခြင်းခံထားရသူဟာ ၂၀၁၉ မတ်လ ၁၈ ရက်နေ့စလို့ ဘဏ်ငွေစာရင်းတွေကို အကြိမ်ကြိမ်အခါခါ လွဲပြောင်းထုတ်ယူခဲ့တဲ့ ငွေကြေးပမာဏဟာ (၄၉၂၅) သိန်းခန့်ရှိတယ်လို့ သိရပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment