Thursday, August 6, 2020

ပြင်းထန် ပေါက်ကွဲမှုကြောင့် ဘီရွတ်မြို့သူမြို့သားများသား၏ တုန်လှုပ်မှုမှာ မီးခိုးငွေ့ စဲလာသည်နှင့်အမျှ ဒေါသအဖြစ်သို့ ပြောင်းလဲလာ

၂၀၁၃ခုနှစ်၌ ဘေရွတ်ဆိပ်ကမ်းတွင် ဓါတုဗေဒပစ္စည်းတင်သင်္ဘော၏ အထိန်းအကွပ်မဲ့မှုကြောင့် အလွန်ပြင်းထန်သောပေါက်ကွဲမှုဖြစ်ခဲ့ရဖူးသည်။ လက်ဘနွန်အာဏာပိုင်များအနေဖြင့် မြို့တော်တစ်ဝှမ်း လျှပ်စစ်မီးပြတ်တောက်သွားရခြင်း၊ ပြန့်ကြဲနေသော အတိုအစများ၊ အဆိပ်သင့်နေသည့် သောက်သုံးရေ စသည့် အခက်အခဲ ပြဿနာများကို ကိုယ့်ဖာသာ ဖြေရှင်းယုံမတပါး အခြားမရှိခဲ့ချေ။
သို့သော် လွန်ခဲ့သည့် သြဂုတ် ၄-ရက် အင်္ဂါနေ့ ညနေ ၆-နာရီတွင် ဘီရွတ်ဆိပ်ကမ်း၌ အမိုးနီးယား နိုက်ထရိတ် တန်ချိန် ၂,၇၅၀ ခန့် လောင်ကြွမ်းပေါက်ကွဲမှု ဖြစ်ရပြန်သည်။ ဘီရွတ်မြို့တော်တစ်ခုလုံး ပြင်းထန်သော အသံနှင့် ပေါက်ကွဲမှု အရှိန်လှိုင်း ရိုက်ခတ်ခြင်းကြောင့် လူပေါင်း ၁၃၅-ဦးသေဆုံးပြီး၊ လူ ၅,၀၀၀ ကျော် ဒါဏ်ရာရရှိကာ အဆောက်အအုံများပျက် စီးခြင်းကြောင့် လူထောင်ပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်ရကြောင်း New York Times က ယနေ့ရေးသည်။
တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူမည်ဟု အစိုးရက ကတိပြုသည်။ သို့သော် စစ်တလင်းကဲ့သို့ တစစီဖြစ်နေသော ၎င်းတို့၏ နေအိမ်နှင့် စီးပွားရေးလုပ်ငန်းများကို တတ်နိုင်သလောက် ကယ်တင်ရန် ဗုဒ္ဓဟူးနေ့ တွင် မြို့သူမြို့သားများကပင် စတင်လိုက်ကြသည်။ ပေါက်ကွဲမှုဖြစ်ရခြင်းမှာ လက်ဘနွန်နိုင်ငံရေးသမားတို့၏ လွဲမှားသော စီမံခန့်ခွဲမှုနှင့် ဖာသိဖာသာနေလေ့ရှိခြင်း၏ အထွတ်အထိပ် ပြယုဂ်ဖြစ်ကြောင်း လူအများက ရှုမြင်လာကြသည်။ ပျက်စီးသွားသော နေအိမ်၊ စျေးဆိုင်တို့အတွက် အစိုးရက အကူအညီပေးလိမ့်မည်ဟု မျှော်လင့်သူ အနည်းငယ်သာရှိသည်။ လက်ဘနွန်နိုင်ငံရေးသမားတို့သည် တိုင်းပြည်အား ဖျက်ဆီးနေကြသည်ဟု စွပ်စွဲလျှက် ထိပ်တိုက်ရင်ဆိုင်ကြရန် လှုံဆော်မှုများ ဖြစ်လာသည်။
ပေါက်ကွဲမှုကြောင့် မီးခိုးငွေ့များ စဲသွားသည့် ဗုဒ္ဓဟူးနေ့နောက်ပိုင်းတွင် သေဆုံးသူဦးရေမှာ ဘီရွတ်တစ်မြို့လုံး၌ တိုးသည်ထက် တိုးလာနေသည်။ ပျက်စီးဆုံးရှုံးရမှုမှာ မြို့ထက်ဝက်ကျော်မည်ဖြစ်ပြီး ဒေါ်လာ ၃ ဘီလျှံ ခန့် ရှိမည်ဟု အစိုးရက ဆိုပါသည်။ ကယ်ဆယ်ရေးလုပ်သားများက ထောင်နှင့်ချီသော ဒါဏ်ရာရသူများကို ရှိတာလေးနှင့် ကုသပေးရန် ကြိုးစားနေရပြီး ဆေးရုံအတော်များများမှာ လိုအပ်ချက်များ ပြည့်နှက်လျှက် အချို့မှာ သုံးမရတော့ချေ။
ဆိပ်ကမ်းအနီး လူနေရပ်ကွက်နှင့် မြေထဲပင်လယ်ကမ်းရိုးတန်းတလျှောက်မှာ ဘာနှင့်မှ မတူအောင် အကြီးအကျယ် ပျက်စီးသွားခဲ့သည်။ ၁၅-နှစ်ကြာ ပြည်တွင်းစစ်အပြီး ပြာပုံအတွင်းမှ ရုန်းထခြင်းအဖြစ် ပြန်လည်ဆောက်လုပ်ထားသော မြို့လယ်ရပ်ကွက်ရှိ ခေတ်ဆန်သားနားသော စားသောက်ဆိုင်၊ စျေးဆိုင်ငယ်များမှာ ပြားပြားဝပ်သွားသည်။ မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့်ဆိပ်ကမ်းအနီးရှိ လူနေရပ်ကွက်များမှာ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်သည်။ ပေါက်ကွဲမှု အသံလှိုင်းသည် ဘီရွတ်မြို့တောင်ကုန်းများအထက် မိုင်ပေါင်းများစွာအကွာအဝေးရှိနေအိမ်နှင့် ရုံးခန်း ပြတင်းပေါက်များကို လွင့်စင်သွားအောင် ချေမွပစ်ခဲ့သည်။
ဂျမ်မေဇက်ကဲ့သို့ ဒေသတွင်း ကျော်ကြားသော ခရစ်ယာန်လက်ရာ ဘုရားရှိခိုးကျောင်းနှင့် သမိုင်းဝင်ခရစ်ယာန်ရပ်ကွက်မှာ စစ်တလင်းပမာ နေ့ချင်းညချင်း ပြောင်းလဲသွားသည်။ လေကာမှန် ကွဲကြေလျှက်ရှိသော မော်တော်ကားများ တန်းစီနေသည်။ လမ်းများတွင် သစ်ကိုင်းများပိတ်ဆို့နေသည်။ နေရာတိုင်း၌ မှန်ကွဲ၊ အတိုအစ အပျက်အစီးနှင့် သွေးကွက်များကို မြို့သူ မြို့သားများက သန့်ရှင်းနေကြသည်။ သို့သော် စီးပွားရေးကြပ်တည်းမှု့ နွံအတွင်း သက်ဆင်းနေရကြပြီးသူများအတွက် သူတို့၏ နေအိမ်များ ပြန်လည်တည်ဆောက်ရန် ဘာလုပ်ရမှန်း မသိပါ။ ဘဏ္ဍာရေးအကြပ်အတည်းကြောင့် ဘဏ်များမှ ငွေထုတ်ယူခြင်းကိုလည်း တင်းကြပ်စွာ ကန့်သတ်ထားသည်။ ဘဏ်တို့သည် ပြည်သူတို့၏ ငွေကို ကိုင်ထားပြီး လိုသလောက်သာ ထုတ်ပေးသည်။ အကူအညီပေးရမည့် အစိုးရကိုယ်တိုင် ဒေဝါလီခံထားရပြီး တိုင်းပြည်ပျက်နေပြီဟုပင်ဆိုကြသည်။
ပြည်တွင်းစစ်ပြီးဆုံးသည့် ၁၉၉၀-ခုနှစ်မှစတင်ကာ လက်ဘနွန်သည် ဘဏ်လုပ်ငန်းကျွမ်းကျင်သူများ၊ ဘာသာစကား ၃-မျိုး ကျွမ်းကျင်သူများဖြင့် အရှေ့အလယ်ပိုင်း၏ ဆွစ်ဇာလန်အဖြစ် စီးပွားရေးဗဟိုချက်ဖြစ်ရန် မျှော်မှန်းခဲ့သည်။ သို့သော် တရားဝင်ကိုးကွယ်ရာ ဘာသာ ၁၈-မျိုး ရှိနေသည့် လက်ဘနွန်တွင် ယခင်က စစ်ဘုရင်ဟောင်းများမှာ ပါဝါပွဲစားများဖြစ်လာကြသည်။ အာဏာ- မြေတို့ကို ခွဲဝေယူကြပြီး ဂိုဏ်းဂဏစွဲ ဒီမိုကရေစီဝါဒ ဖြစ်ပေါ်လာသည်။ နာတာရှည် နိုင်ငံရေးအကြပ်အတည်းနှင့် ကျယ်ပြန်သောအကျင့်ပျက်ခြစားမှုများကြောင့် နိုင်ငံ့စီးပွားရေးအခြေခံအဆောက်အအုံတို့ ချိနဲ့သွားသည်။ အစိုးရ၏ ကြွေးမြီစုစုပေါင်းသည် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု၏ ၁၆၀ ရာခိုင်နှုန်းအထိ ထမ်းပိုးထားရသည်။
ပြည်သူလူထု၏မကျေနပ်မှုသည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်း၌ ပွင့်အန်ထွက်ခဲ့ဖူးသည်။ နိုင်ငံရေးသမားများကို ဖြုတ်ချရန် တောင်းဆိုသူများက လမ်းများပေါ်သို့ တက်လာသည်။ ကန့်ကွက်ဆန္ဒပြသူများသည် ဝန်ကြီးချုပ်အား ဖြုတ်ချနိုင်ခဲ့သော်လည်း လက်ဘနွန်နိုင်ငံ၏ အခြားပြဿနာများမှာပိုမိုဆိုးရွားလာခဲ့သည်။ ထိုအချိန်မှစ၍ ငွေကြေး တန်ဖိုး ၈၀% ဆုံးရှုံးခဲ့ပြီး ကုန်စျေးနှုန်းနှင့် အလုပ်လက်မဲ့နှုန်းတို့မှာ မိုးထိမြင့်နေသည်။ ထိုစဉ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့မှုကိုနှေးကွေးစေရန်ရည်ရွယ်သောပိတ်ဆို့မှုများက တိုင်းပြည်၏ စီးပွားရေးကို ပိုမိုထိခိုက်စေခဲ့သည်။
မိုဇမ်ဘစ်သို့ သွားနေသော ဓါတုဗေဒပစ္စည်းတင် သင်္ဘောတစ်စီးသည် လက်ဘနွန်တွင် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ တရားရုံးက သင်္ဘောပေါ်မှ ကုန်ပစ္စည်းများကို သယ်ချရန်ဆုံးဖြတ်သဖြင့် ပေါက်ကွဲစေတတ်သော အမိုးနီးယား နိုက်ထရိတ်များမှာ ဆိပ်ကမ်း ဂိုဒေါင်အတွင်း ရောက်ရှိသွားသည်။ ၆-နှစ်ကာလအတွင်း၌ ဆိပ်ကမ်းအရာရှိများအနေဖြင့် မသင့်လျှော်သော ရာသီဥတုအခြေအနေ၌ သိုလှောင်ထားသည့် အလွန်အန္တရာယ်များသော ကုန်များကို ဆိပ်ကမ်းနှင့် အလုပ်သမားများ၏ လုံခြုံရေးအတွက် ဖယ်ရှားပေးရန် တရားရုံးသို့ အကြိမ်ကြိမ်လျှောက်ထားခဲ့သည်။
အဆိုပါကုန်များကို လေလံတင်ရောင်းချမည်ဟု ဆိပ်ကမ်းညွှန်ကြားရေးမှူးက ဆိုသော်လည်း လေလံပွဲသည် ဘယ်တုန်းကမှ ဖြစ်မလာခဲ့ပါ။ တရားစီရင်ရေးသည် အမိုးနီးယားနိုက်ထရိတ်၏ စွမ်းရည်သတ္တိကို မသိ၊ ဆိပ်ကမ်းအာဏာပိုင်၏ စာများကို ပေလယျကံ လျစ်လျူရှုခဲ့ပြီး ဆိပ်ကမ်းတွင်လည်း အထူးကြိုတင် ကာကွယ်မှုများ မရှိခဲ့ချေ။
ယခုတော့ မြေထဲပင်လယ်အရှေ့ပိုင်းတွင် အကြီးဆုံးနှင့် ကုန်တင်ချ အများဆုံးအနက်တစ်ခုဖြစ်သည့် ဆိပ်ကမ်းကြီး တစ်ခုလုံး ပျောက်ကွယ်သွားကာ ဘီရွတ်မြို့နေများမှာလည်း အမျိုးသား အဆင့် ကပ်ဘေးတွင် ငုတ်တုတ်ဖြစ်ရလေပြီ။
အလွန်ပြင်းထန်သော ပေါက်ကွဲမှုကြောင့် အကြီးအကျယ်ထိခိုက်ရာတွင် ဆေးရုံအမျိုးမျိုးလည်းပါဝင်သည် ဆေးရုံ ၂-ရုံကို ပိတ်ထားရပြီး ဘယ်အချိန်ပြန်ဖွင့်နိုင်မည်ကို မတိအကျ မသိရသေးချေ။ ဆိပ်ကမ်းအနီးရှိ “ ရိုဇရီ “ကက်သလစ်ကုသိုလ်ဖြစ်ဆေးရုံဆိုလျှင် ပေါက်ကွဲမှုကြောင့် ကုတင်ပေါ်မှ လူနာများ လွင့်စင်သွားသည်။ သူနာပြုတစ်ဦး သေဆုံး၍ အော်ပရေးရှင်းခန်းမှ သူနာပြုတစ်ဦး၏ ခြေထောက်များမှာ ချိုးပစ်သလိုဖြစ်သွားသည်။
ဆေးရုံတွင် ဓါတ်လှေကားများပျက်စီးသွားပြီး၊ တံခါးနှင့် ဆေးကုသပစ္စည်းကိရိယာများပျက်စီးသွားခဲ့ရာ ဒေါ်လာ ၅-သန်းကျော် ဆုံးရှုံးနိုင်ခြေရှိသည်။ သို့သော် ဆေးရုံအနေဖြင့် အစိုးရထံမှ အကူအညီရလိမ့်မည်ဟု အများနည်းတူ မမျှော်လင့်ပါ။
တိုင်းပြည်တွင် နောက်ဆုံးပေါ် ကပ်ဆိုးကြီး ဆိုက်ရောက်ရခြင်းသည် သမိုင်းဝင်ရန်သူတို့၏ လက်ချက်ကြောင့် မဟုတ်ဘဲ ပေါ့ဆ-အကျင့်ပျက်-အရည်အချင်းမဲ့၊ လွဲမှားသော စီမံခန့်ခွဲမှုကြောင့်ဖြစ်နေခြင်းမှာ လူများစွာတို့အတွက် မခံချည့် မခံသာစိတ် ပိုမိုပြင်းထန်လာရသည်။
“ အစ္စရေးက လာပြီး ဖောက်ခွဲတာမျိုးပဲ ခံလိုက်ချင်တယ်၊ ဦးနှောက်မရှိတဲ့ ကိုယ့်နိုင်ငံခေါင်းဆောင်တွေကြောင့် မဖြစ်စေချင်ဘူး၊ အစ္စရေးက ကိုယ်အိမ် ဆန်အိုးထဲအထိ ဝင်မွှေမှာ မဟုတ်ဖူးလေ .. “ ဟု ရိုဇရီဆေးရုံမှ ဒေါက်တာ ဒိုမင်နစ်ဒိုးက ပြောဆိုသည်။
crd-Oung Marine #Myanmar_Online_News

0 comments:

Post a Comment