Sunday, August 16, 2020

ရွှေကွန်းကွန်ဒိုမှ အနုကြမ်းစီးလုယက်မှုမှာ “မိန်းမရှုပ်သဖြင့်မှတ်လောက်သားလောက်ဖြစ်ရန်ငွေကျပ်၂၅ သိန်းဖြင့် ခိုင်းစေခဲ့သောကြောင့်”ဟု ကျူးလွန်သူများထွက်ဆို

ကမာရွတ်မြို့နယ် ရွှေကွန်းကွန်ဒိုတွင် ဖြစ်ပွားခဲ့သော အနုကြမ်းစီးလုယက်မှုမှာ “မိန်းမရှုပ်သဖြင့်မှတ် လောက်သားလောက်ဆုံးမပေးရန်ငွေကျပ်၂၅ သိန်းဖြင့် ခိုင်းစေခဲ့သူအမျိုးသမီးတစ်ဦးကြောင့်”ဟု ကျူးလွန်သူများက ထွက်ဆိုခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက် ညပိုင်းက တရားလို ဦး----၊ ကမာရွတ်မြို့နယ်နေသူသည် နေအိမ်၌ ရှိနေစဉ် လွန်ခဲ့သော တစ်ပတ်ခန့်ကရင်းနှီးခဲ့သူ မနီနီဝင်း ဆိုသူလာရောက်ပြီး ခဏအကြာ မနီနီဝင်းက အခန်းသော့ကို ယူကာ တံခါးဖွင့်ထွက်သွားပြီးနောက် အမည်မသိ လူငယ်(၃)ဦး နေအိမ် အတွင်းဝင်လာပြီး တရားလိုအား ဝိုင်း၍ ချုပ်နှောင်သဖြင့် ပြန်လည်ခုခံရာ အဆိုပါ လူငယ်(၃)ဦး အသင့် ယူဆောင်လာသောဓားနှင့်ထိမိ၍ တရားလိုယာ ဘက်ပေါင်နှင့် ယာဘက်လက်ဖဝါးတို့တွင် ပြတ်ရှဒဏ်ရာ(၁) ချက်စီရရှိခဲ့ကြောင်း၊ ထို့နောက် လူငယ်(၃)ဦးမှ တရားလို၏ ပါးစပ်နှင့် လက်နှစ်ဘက်အား တိတ်အဝါဖြင့် တုပ်နှောင်ကာ ခြေထောက်နှစ်ဘက်ကို လက်ထိပ် တစ်စုံဖြင့် ခတ်ထားခဲ့ပြီး I-Phone X အနက်ရောင်ဖုန်း (၁)လုံး၊ I Pad 3 ငွေရောင်(၁)လုံး ၊ စုစုပေါင်း တန်ဖိုး ငွေကျပ် ၁၉ သိန်း ခန့်တို့ကိုလုယူထွက်ပြေးသွားသောကြောင့် လူငယ်(၃)ဦးနှင့် မနီနီဝင်း တို့အားအရေး ယူပေးရန် ကမာရွတ်မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်း ရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် အခင်းဖြစ်ရပ်နှင့် ပတ်ဝန်း ကျင်ကိုစုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ မနီနီဝင်း၊ ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)ဖန်သီ၊ ကျော်ငြိမ်း (ခ) ကျောက်ကျားကျော်၊ နိုင်းနိုင်း(ခ)နဂါး(ခ)မင်းဟိန်း၊ သျှားလေး(ခ)သျှား၊ စနေမောင်(ခ) ထက်အာကာဇော် တို့ဖြစ်ကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။
မနီနီဝင်း(ခ)ရန်ချိမ့်ဖု၊ ၄၇ နှစ်၊ (ဘ) ဦးရန်လျူ ဂျင်းနှင့် ကျော်ငြိမ်း(ခ)ကျောက်ကျားကျော်၊ ၂၄ နှစ်၊ (ဘ)ဦး ကျော်ဝင်း တို့(၂)ဦးကို သြဂုတ်လ ၁၂ ရက် က နမ့်စန်မြို့တွင် လည်းကောင်း၊ ဝင်းမင်းထွန်း(ခ)စွမ်းထက် (ခ)ဖန်သီ ကို သြဂုတ်လ ၁၄ ရက်က လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ နဝဒေးအိမ်ရာရှိ အိမ်နီးချင်းကောင်း စတိုးဆိုင်တွင် လည်းကောင်း၊ နိုင်းနိုင်း(ခ)နဂါး(ခ) မင်းဟိန်း၊ သျှားလေး(ခ)သျှား တို့(၂)ဦးကို သြဂုတ်လ ၁၄ ရက် က လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ရွှေအိမ်စည်လက်ဖက်ရည်ဆိုင်တွင်လည်းကောင်း၊ စနေမောင်(ခ) ထက်အာကာဇော်ကို မြောက်ဥက္ကလာပမြို့နယ်၊ တံတားကြီးရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ အမှတ်(၁၄၅)ရှိ ၎င်း၏ နေအိမ်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအား အသေးစိတ်စစ်ဆေးခဲ့ရာတွင် သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အမှတ်(၁) ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ရိပ်သာ(၅)လမ်း၊ အမှတ်(၇၇/၇၈)နေ ဒေါ်ခင်ခင်ဝင်း က ၎င်းနှင့် ပတ်သက် နေသည့် အမျိုးသားသည် အခြားအမျိုးသမီးများနှင့် ရှုပ်ပွေနေသဖြင့် မှတ်လောက်သားလောက်အောင် ဆုံးမပေးရန် မနီနီဝင်းနှင့် ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)ဖန်သီ တို့အား အကူအညီတောင်းခံခဲ့ကြောင်း၊ ဝင်းမင်းထွန်း (ခ)စွမ်းထက်(ခ)ဖန်သီ က လှိုင်သာယာမြို့နေ နိုင်းနိုင်း(ခ)နဂါး(ခ)မင်းဟိန်းပါ (၃)ဦးကို ငွေကျပ်(၂၅)သိန်းဖြင့် ငှားရမ်းပြီး ပြစ်မှုကို ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်ခင်ခင်ဝင်းအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ၎င်းမှာ ပြစ်မှုကျူးလွန်ပြီးနောက် နေအိမ်မှ တိမ်းရှောင်သွားကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
ယခုအခါ ဖမ်းဆီးရမိသူ မနီနီဝင်း ပါ (၆)ဦးကို ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဒေါ်ခင်ခင်ဝင်းအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
Crd : PyiMyanmar

0 comments:

Post a Comment