Sunday, August 23, 2020

အစိုးရ အထက်တန်းကျောင်း အားလုံး အခုလအတွင်း ဖွင့်နိုင်ဖို့ စီစဉ်နေ

COVID-19 ရောဂါ ဖြစ်ပွားနေတဲ့အတွက် ပြန်လည်ဖွင့်လှစ်ခြင်း မပြုရသေးတဲ့ အစိုးရအထက်တန်းကျောင်း ၆၀၀ နီးပါးကို အခုလကုန်အတွင်း ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနက ပြောပါတယ်။
“အားလုံးပေါင်းဆိုရင် ၅၀၀ ကျော် ၆၀၀ နီးပါးလောက် ကျန်နေသေးတယ်။ အဲဒီကျောင်းတွေကလည်း A အ ဆင့် ရပြီးသား ကျောင်းတွေ၊ ဒါပေမယ့် ကျနော်တို့ ဗဟိုကော်မတီကို တင်ပြပြီးတော့ အခု Verify (စိစစ်မှု) ပြန်လုပ်နေတယ်။ ပြန်ပြီးတော့ စိစစ်နေတယ်။ စိစစ်ပြီး အဲဒါလည်း ဗဟိုကော်မတီက ခွင့်ပြုရင် အထက်တန်းကျောင်းတွေ အကုန်လုံးက ဖြစ်နိုင်လို့ရှိရင် ဒီလထဲမှာ သြဂုတ်လမကုန်ခင်မှာ အကုန်လုံးနီးပါး ဖွင့်နိုင်ဖို့ရှိတယ်”လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပြပါတယ်။
မြန်မာနိုင်ငံအတွင်း အစိုးရ၊ ပုဂ္ဂလိကနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆိုပြီး ဖွင့်လှစ်ထားတဲ့ အထက် တန်းကျောင်း အရေအတွက်ဟာ ၇၂၇၃ ကျောင်း ရှိနေတယ်လို့ သိရပါတယ်။
အဲဒီကျောင်းတွေထဲက ၄၆၇၅ ကျောင်းကိုတော့ ကိုဗစ် ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်ဖွင့်လှစ်ထားပြီး ဖြစ်တယ် လို့ ပညာရေး ဝန်ကြီးဌာနက ဆိုပါတယ်။
အဲဒီမဖွင့်ရသေးတဲ့ အထက်တန်းကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်ပြီးပါက ရက်သတ္တပတ် ၃ ပတ်စောင့် ကြည့်ပြီး အလယ်တန်းနဲ့ မူလတန်းအဆင့်ကျောင်းတွေကို ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနက ပြောပါတယ်။
“အလယ်တန်းကျောင်းက စုစုပေါင်း ၁၆၀၀၀ ကျော်ရှိတယ်။ အဲဒါတွေ အကုန်လုံးကို ၃ ပတ်အတွင်းမှာ ထပ်ပြီးစစ်နိုင်ဖို့ ကျနော်တို့ကြိုးစားတယ်။ ကြိုးစားပြီးရင်အလယ်တန်းတွေအကုန်ဖွင့်ပြီးပြီ ဆိုရင်တော့မူလတန်းကျောင်းတွေ ထပ်ပြီးဖွင့်ဖို့ ကြိုးစားမယ်”လို့ အခြခံပညာ ကျောင်းအားလုံး ဖွင့်လှစ်နိုင်ရေး စီစဉ်ထားမှု အခြေအနေအပေါ် ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ရှင်းလင်း ပြောဆိုပါတယ်။
အလယ်တန်း တက်ရမယ့် ကျောင်းသားမိဘ တဦးဖြစ်သူ ဦးမျိုးက“ဒီကာလ မှာ ကလေးကို ကျောင်းသွားခိုင်းဖို့က အတော်ကို ခက်ခဲတဲ့ကိစ္စ။ စိုးရိမ်လို့ မသွားခိုင်းပြန်ရင်လည်း ကလေးက ၁ နှစ်အောက်သွားဦးမယ်။ အခုထိတော့ မဆုံးဖြတ်ရသေးဘူး။ ၁ နှစ် အောက်ခိုင်းလိုက်ရင် ကောင်းမလားလို့တော့ စဉ်းစားနေတယ်”လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ COVID-19 ရောဂါ ကူးဆက်မှုဟာ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးဆက်မှု အခြေအ နေ ဖြစ်ပေါ် နေတဲ့ အတွက် ရခိုင်ပြည်နယ် အတွင်းက ကျောင်းအားလုံး သြဂုတ်လ ၂၁ ရက်နေ့ကစပြီး ယာ ယီပိတ်ဖို့ ညွှန်ကြားထား တယ် လို့လည်း ပညာရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။
ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက“ရခိုင်မှာ ကျောင်းအားလုံး ၄၀၀ ကျော် ရှိပါတယ်။ စစ်ဘေးကြောင့် မဖွင့်နိုင်တဲ့ ကျောင်း နည်းနည်းပါးပါးတော့ ရှိတာ ပေါ့နော်။ အခုလောလောဆယ် ဖွင့်နေတဲ့ကျောင်းတွေကို ယာယီပိတ်တယ်။ မဖွင့်ရ သေးတဲ့ ကျောင်းတွေ အများကြီးရှိသေးတယ်။ အခုလောလောဆယ် အထက်တန်းတက်နေတာက ၃ သောင်းကျော် လောက် ရှိပါတယ်”လို့ ပြောပါ တယ်။
Ref ; Golden Triangle Regional News

0 comments:

Post a Comment