Friday, August 7, 2020

ရှမ်း(မြောက်ပိုင်း)လက်နက်ဖမ်းဆီးရမိခဲ့သည့်ကွင်းဆက်အားဖော်ထုတ်စစ်ဆေးရာမှ မူးယစ်ဆေးနှင့်လက်နက်/ခဲယမ်းများထပ်မံဖမ်းမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတားဆီးနှိမ်နင်းရေးလုပ်ငန်းများလုပ်ဆောင်နေစဉ်ရှမ်းပြည်နယ်(မြောက်ပိုင်း)သိန္နီမြို့နယ်၌လက်နက်များဖမ်းဆီးရမိခဲ့ပြီးနာက်ကွင်းဆက်များဖော်ထုတ်စစ်ဆေးရာမှမူးယစ်ဆေးဝါးများနှင့်လက်နက်/ခဲယမ်းများထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ယင်းဖြစ်စဉ်မှာ သြဂုတ်လ ၃ ရက်နေ့ ၁၈:၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှပူးပေါင်းအဖွဲ့သည်သက်သေများနှင့်အတူသိန္နီမြို့နယ်မူဆယ်-မန္တလေးသွားကားလမ်း၊အိုရီယမ်တယ်တိုးဂိတ်အနီးရှိကျောက်တောင်ကွေ့တွင်မသင်္ကာဖွယ်မော်တော်ယာဉ် ၁ စီးရပ်တန့်ထားကြောင်းသတင်းအရသွားရောက်စစ်ဆေးရာယာဉ်မောင်းမတွေ့ရဘဲယာဉ်ပေါ်တွင်သိုဝှက်ထားသော မောင်းပြန်ရိုင်ဖယ် ၁၀ လက်၊ကျည်အိမ် ၄၀ ခု၊လွယ်ကြိုး ၉ ချောင်း နှင့် သေနတ်တိုက်တံဘူး ၉ ဘူးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီးကွင်းဆက်များထပ်မံဖော်ထုတ်စစ်ဆေးခဲ့ရာအဆိုပါမော်တော်ယာဉ်အားသယ်ဆောင်ရာတွင်ပူးပေါင်းပါဝင်သူဖြစ်သည့်သိန္နီမြို့၊အမှတ်(၄)ရပ်ကွက်နေ သူရ(ခ) မော်စင်ချဲ နှင့် မမာကော့(ခ)လီကျွင်း(ခ)ဝါဝါဝင်း ၂၈ နှစ်တို့၏နေအိမ်အား သြဂုတ် လ ၄ ရက်နေ့ ၁၄:၃၀ အချိန်တွင်ဝင်ရောက်စစ်ဆေးရှာဖွေရာမမာကော့(ခ)လီကျွင်း(ခ)ဝါဝါဝင်းအားနေအိမ်တွင်တွေ့ရှိခဲ့ပြီးနေအိမ်အိပ်ခန်းအတွင်းမှကော်ဘူးဖြင့်ထည့်ထားသည့် ဘိန်းစိမ်းအလေးချိန် ၁.၆ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄.၄ သိန်း)ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် ICE အလေးချိန် ၂ ကီလို(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၀၀ သိန်း)၊ပစ္စည်းများထားသည့်ဂိုထောင်အတွင်းမှမောင်းပြန်ရိုင်ဖယ်သေနတ် ၁ လက်၊ကျည် ၇ တောင့်၊ကျည်အိမ် ၁ ခုနှင့်လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီးကွင်းဆက်များဆက်လက်ဖော်ထုတ်စစ်ဆေးခဲ့ရာအဆိုပါမော်တော်ယာဉ်သယ်ဆောင်ရာတွင်ပူးပေါင်းပါဝင်သူများဖြစ်သည့်ကွတ်ခိုင်မြို့ရပ်ကွက်(၆)နေ စိုးထိန်လင်း ၂၆ နှစ်နှင့်တာမိုးညဲမြို့၊ရှောက်ဟော်ကျေးရွာနေ မဂျော်ကျီးထိုက်(ခ) ရှောက်ယုံ ၃၀ နှစ်တို့အား သြဂုတ်လ ၄ ရက်နေ့ ၂၃:၃၀ အချိန်တွင် လားရှိုးမြို့၊ရပ်ကွက်(၁)လမ်းတွင်မော်တော်ယာဉ် ၁ စီး၊လက်ကိုင်ဖုန်းနှစ်လုံးတို့နှင့်အတူထပ်မံဖမ်းဆီးရမိခဲ့ပြီးအဆိုပါဖမ်းဆီးရမိခဲ့သည့် လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ သိန္နီမြို့မရဲစခန်းတွင် ရှမ်းလက်နက်ဥပဒေ၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေတို့ဖြင့်အသီးသီးအမှုဖွင့်ထားပြီးကွင်းဆက်များဆက်လက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

0 comments:

Post a Comment