Monday, August 17, 2020

ရွှေကြောတွေ့သည့်ဟူသောနေရာ လုံခြုံရေးယူထားသည့် ရဲတစ်ဦး လေးခွဖြင့် ပစ်ခံရ၊ တူးဖော်ရန်လာသူ ၁၀ ဦးကို ခေတ္တထိန်းသိမ်း

မန္တလေး- မိုးကုတ်လမ်းပေါ်ရှိ ရွှေကြောတွေ့သည်ဟု သတင်းထွက်ပေါ်နေသည့် နေရာ၌ လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ယမန်နေ့ညပိုင်းက လေးခွဖြင့် အပစ်ခံခဲ့ရသည်ဟု ချောင်းကြီးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။
ချောင်းကြီးကျေးရွာ သုံးထပ်ကွေ့၌ လမ်းတိုးချဲ့ရာမှ ရွှေကြောပေါ်သည်ဟု ဩဂုတ်လ ၁၅ ရက် ညပိုင်းက သတင်းများ ထွက်ပေါ်လာပြီးနောက် ‌နောက်တစ်နေ့တွင် ရဲတပ်ဖွဲ့က လုံခြုံရေးယူကာ တူးဖော်ခွင့်တားမြစ်ထားခြင်း ဖြစ်သည်။
ရွှေကြောပေါ်သည်ဆိုသည်မှာ ကောလာဟလသာဖြစ်ပြီး ရွှေပါနိုင်သည့်မြေခဲ(‌ဗြုန်း) များကို လာရောက်တူးဖော်သူ ရာဂဏန်းခန့် စုဝေးခဲ့ကြကြောင်း ချောင်းကြီးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
"လာတူးတဲ့ထဲမှာ ချောင်းကြီးဒေသခံတွေ မပါကြဘူး။ အခြားနယ်က သတင်းကြားလို့ လာကြတဲ့သူတွေများတယ်။ ညတုန်းက မတူးဖော်ကြဖို့ တားမြစ်ရင်း လေးခွနဲ့ ပစ်လို့ ရဲတစ်ယောက် ချိုစောင်းဖုသွားတယ်။ လာတူးကြတဲ့သူတွေထဲကလည်း ဆယ်ယောက်ကို အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူ မေးမြန်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ် " ဟု ချောင်းကြီးရွာ ရာအိမ်မှူး ဦးမြဝင်းက ရှင်းပြသည်။
ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းတွင် ရွှေကြောပေါ်သည်ဟုဆိုသည့်နေရာ၌ လမ်းတိုးချဲ့လုပ်ငန်းများကို ပုံမှန်အတိုင်း လုပ်ဆောင်လျှက်ရှိသည်။
လာရောက်တူးယူသူအချို့၏ ပြောစကားအရ ထိုနေရာတွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကလည်း လမ်းဖောက်ရာမှ ရွှေကြောတွေ့သည်ဟု သတင်းထွက်ပေါ်ပြီး လာရောက်တူးဖော်သူ များပြားခဲ့ဖူးကြောင်း သိရသည်။
ချောင်းကြီးကျေးရွာသည် လူဦးရေတစ်သောင်းခွဲခန့်ရှိပြီး တစ်ရွာလုံး ရွှေလုပ်ငန်းကို လုပ်ကိုင်ကြသည်။
Ref ; The Voice Journal

0 comments:

Post a Comment