Tuesday, August 11, 2020

ပေါက်ကွဲမှုကြီးကြောင့် လက်ဘနွန်အစိုးရအဖွဲ့ နုတ်ထွက်ပေးခဲ့သော်လည်း လူထု၏ဒေါသ မပြေနိုင်သေး

လူပေါင်း ၂၀၀ ကျော်သေဆုံးစေခဲ့တဲ့ ပေါက်ကွဲမှုကြီးကြောင့် လူထုရဲ့ဒေါသအရှိန်မြင့်တက်လာတဲ့အတွက် သြဂုတ်လ ၁၁ ရက်မှာ လက်ဘနွန်အစိုးရအဖွဲ့ဟာ နုတ်ထွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။ ဘေရွတ်မြို့မှာ ဆန္ဒပြပွဲတွေ သုံးရက်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရဲတွေနဲ့လည်း ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။
သြဂုတ်လ ၁၀ ရက်နှောင်းပိုင်းမှာ ဝန်ကြီးချုပ် Hassan Diab က ရုပ်သံတီဗီကနေ ကြေညာခဲ့တာပါ။ သမ္မတ Michel Aoun က အစိုးရအသစ်ဖွဲ့စည်းပြီးတဲ့အချိန်အထိ ယာယီတာဝန်ယူပေးဖို့ ပန်ကြားထားပါတယ်။
လက်ဘနွန်မှာ နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့ ဂိုဏ်းဂဏစွဲဝါဒီအရ လွှတ်တော်က ဝန်ကြီးချုပ်သစ် ရွေးချယ်သွားမှာဖြစ်ပါတယ်။ နိုင်ငံတွင်းက မတူညီတဲ့ဘာသာရေးအုပ်စုတွေကိုကိုယ်စားပြုတဲ့ အာဏာခွဲဝေမှုပုံစံကြောင့် အစိုးရအဖွဲ့သစ်ဖွဲ့စည်းရေးဟာ ချောချောမွေ့မွေ့နဲ့မြန်မြန်ဆန်ဆန်ပြီးစီးမှာတော့ မဟုတ်ပါဘူး။
၁၉၇၅-၁၉၉၀ ပြည်တွင်းစစ်ပြီးကတည်းက စစ်ခေါင်းဆောင်တွေဟာ နိုင်ငံရေးလောကထဲဝင်ရောက်ပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့လူမှုရေးကဏ္ဍတွေကို ထိန်းချုပ်ထားတာကြောင့် နိုင်ငံတွင်းမှာ အကျင့်ပျက်လာဘ်စားမှုတွေ အမြစ်တွယ်နေရတာလို့ ဆန္ဒပြသူတွေက ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။
ပေါက်ကွဲမှုနဲ့ပတ်သက်လို့ အစိုးရက စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပေးမယ်လို့ဆိုခဲ့ပေမယ့် လူထုက နိုင်ငံ ရေးအထက်တန်းလွှာတွေကို ယုံကြည်မှုမရှိခဲ့ပါဘူး။ အဲဒီနောက်မှာ အစိုးရအဖွဲ့ဝန်ကြီးတချို့ နုတ်ထွက်ပေးခဲ့ပေမယ့်လည်း လူထုက မကျေနပ်တာကြောင့် အစိုးရအဖွဲ့တစ်ခုလုံး နုတ်ထွက်ပေးခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း လူထုရဲ့ဒေါသနဲ့ဆန္ဒပြပွဲတွေကတော့ ပြီးဆုံးဦးမယ့်ပုံမပေါ်သေးဘူးလို့ သိရပါတယ်။
Ref ; Pyi Myanmar

0 comments:

Post a Comment