Wednesday, August 26, 2020

ဧရာဝတီတိုင်းရှိ မြို့အချို့တွင် နှာခေါင်းစည်းဈေးနှုန်းများ ရုတ်တရက်မြင့်တက်

ဧရာဝတီတိုင်းရှိ ပုသိမ်၊ဟင်္သာတ၊မအူပင်၊ပန်းတနော် စသည့်မြို့နယ်များအပါအဝင် မြို့နယ်အချို့တွင် နှာ ခေါင်းစည်း (Mask) ဈေးနှုန်းများ ရုတ်တရက်မြင့်တက်ခဲ့ပြီး ဈေးကွက်အတွင်း ပစ္စည်းပြတ်လတ်သည်အထိဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ များပြားလာခဲ့ပြီးနောက်ပိုင်း MASK ဝယ်ယူမှု မြှင့်တက်လာပြီး ဆေးပစ္စည်း အရောင်းဆိုင်များနှင့် စတိုးဆိုင်များတွင် ပစ္စည်းပြတ်လပ်မှုကြောင့် ဈေးတက်သွားခဲ့ရာ ယခင်က ၅၀ ပါတစ်ဗူးလျှင်၂၀၀၀ -၂၅၀၀ ကျပ်သာ ရှိခဲ့ရာမှ ၄၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ရောင်းတက်သွားခဲ့သည်ဟု ၎င်းတို့က ပြောဆိုသည်။
“အခုက ဝယ်ချင်တာတောင် ဝယ်လို့မရတော့ဘူး။ ဆေးဆိုင်တွေမှာ ပစ္စည်းပြတ်နေတယ် ရောင်းစရာမရှိဘူးပြောတယ်။ လက်တို့ရောင်းနေကြတာတွေတော့ရှိတယ်။ ဒါပေမဲ့ ဈေးနှုန်းက ထက်ဝက်လောက်တက်နေတယ်။ အဲဒါလည်း ဝယ်သူကို လူကြည့်ရောင်းကြတာ” ဟု ပန်းတနော်ဒေသခံ ဒေါ်နီလာထွန်းက ပြောကြား သည်။
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါစတွေ့သည့် ဧပြီ၊မေ၊ဇွန်လများက Mask ဝယ်ယူသူများခဲ့သော် အခမဲ့ဖြန့်ဝေသူများခဲ့ခြင်း၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေး လှုပ်ရှားမှုအသွင်ဖြင့် တန်ဘိုးသင့် MASK များရောင်းချပေးခြင်း၊ပြန် လည်အသုံးပြု၍ရသည့် Mask ပေါ်ပေါက်လာခြင်းတို့ကြောင့် MASK များ သိုလှောင်ရောင်းချမှုနည်းလာရာမှ ရုတ်တရက် ဝယ်လိုအားများလာသည့်အတွက် ပစ္စည်းပြတ်၍ ဈေးတက်သွားခြင်းဖြစ်ကြောင်း ပုသိမ်မြို့မှ ဆေးပစ္စည်းရောင်းချသူများက ပြောဆိုသည်။
“ပစ္စည်းက ဆိုင်တွေမှာမရှိတော့ဘူး။လက်ကျန်မရှိတော့ မရောင်းနိုင်ဘူးပေါ့။ ခဏပါ။ ပြန်ကျသွားမှာပါ။ အချို့သူတွေက ပေါ့ပေါ့တန်တန်နဲ့ MASK မတပ်ဘူး။မဆောင်ထားဘူး။ အခုလို တကျော့ပြန်ဖြစ်လာတော့ ဈေးကြီးပေးဝယ်ကြရတာပေါ့”ဟု ပုသိမ်မြို့ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသူ တစ်ဦးက ပြောကြားသည်။
အများပြည်သူကျန်းမာရေးအတွက်အရေးကြီးသည့် ကျန်းမာရေးဆိုင်ရာ ကုန်ပစ္စည်းများကို သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန် ပြည်ထောင်စုအစိုးရက စီးပွားရေးလုပ်ငန်းရှင်များကို အသိ ပေးထားသည်ဟု ဧရာဝတီတိုင်း အစိုးရရုံးထံမှသိရသည်။
Ref ; The Voice

0 comments:

Post a Comment