Monday, August 17, 2020

ဒေါ်လာဘီလီယံချီလောဘတွေနဲ့ လမ်းကောင်းတလမ်းမှ မရှိတဲ့မြို့

ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းများထွက်ရာဒေသလို့ နာမည်ကျော်ကြားပေမယ့် ကချင် ပြည်နယ်ဖားကန့် မြို့မှာ လမ်းကောင်းကောင်းဆိုလို့ တလမ်းမှ မရှိပါဘူး။
မြန်မာနိုင်ငံတွင်းက ဆင်းရဲမွဲတေပြီး အဖိုးတန်သယံဇာတ ထွက်ရှိခြင်းမရှိတဲ့ သာမန် ကျေးလက်ဒေသက လမ်းတွေထက်တောင် အခြေအနေဆိုးပြီး မြို့တွင်းရော မြို့ပြင်ရော လမ်းအားလုံးက ချိုင့်ခွက်တွေနဲ့ ပြည့်နေပါတယ်။
ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားဘက်ကနေလာရင် ကာမိုင်းမြို့ကစပြီး ဖားကန့်မြို့ထိ ဆက်သွယ်ထားတဲ့ ကားလမ်းဟာ အတော်ကြီးကို ဆိုးဝါးလွန်းလှပါတယ်။ ဖားကန့်မြို့တွင်းက လမ်းတိုင်းရော မြို့ပြင်ကနေ ကျောက်စိမ်းလုပ်ကွက်တွေကို သွားတဲ့လမ်းတွေပါ ချိုင့်ခွက်ကြီး ချိုင့်ခွက်ငယ်ပေါင်းများစွာပါ။
ကချင်ပြည်နယ် ဖားကန့်မြို့ဟာ တကမ္ဘာလုံးရဲ့ ကျောက်စိမ်းထုတ်လုပ်မှုကဏ္ဍမှာ ၇၀ ရာခိုင်နှုန်းကျော် ကျောက်ထွက်တဲ့ ဒေသဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး သက်တမ်းရင့် အရည်အသွေးကောင်းတဲ့ကျောက်စိမ်း တွေထွက်တဲ့ မြို့နယ် ဖြစ်ပါတယ်။
ကျောက်စိမ်းထဲမှာ ဂျေးဒိုက် (Jadeite ) နဲ့ နက်ဖရိုက်(Nephrite) ဆိုပြီး ကျောက်အမျိုးအစားကွဲများရှိရာ အရည်အသွေးကောင်းတဲ့ ကျောက်များ ထွက်ပါတယ်။
သယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ မူဝါဒ ရေးရာ အကြံပေးအဖွဲ့ Natural Resources Governance Institute (NRGI) က ၂၀၁၉ ခုနှစ်အတွင်းက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံက ကျောက်စိမ်းကနေ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၅ ဘီလျံခန့်ဝင်ငွေ ရရှိနေတယ်လို့ သိရပါတယ်။
ဒါပေမယ့် ကျောက်တူးဖော်ရေးလုပ်ငန်းကို တူးဖော်ခွင့် ရရှိနေသူတွေရဲ့ ဝင်ငွေ၊ အကျိုးအမြတ်တွေကတော့ တိတိကျကျ မသိရသလို တိုင်းပြည်အတွက် အခွန်ဘဏ္ဍာ ဘယ်လောက်ပေးဆောင်သလဲ၊ မပေးဆောင်ဘူးလဲ မသိရှိရပါဘူး။
ဧရာဝတီက မျက်ဝါးထင်ထင် တွေ့ခဲ့ရတာကတော့ ဖားကန့်နဲ့ လုံခင်းမြို့ပတ်လည်မှာ အရင်က တောင်တန်းကြီးတွေဟာ ချိုင့်ဝှမ်းကြီးတွေ ဖြစ်သွားပြီး အရင်က လျှိုမြောင်ကြီးတွေမှာ ကျောက်စိမ်းတူးထုတ်ထားတဲ့ စွန့်ပစ်မြေစာပုံကြီးတွေ တောင်လိုပုံလာခဲ့တာပါပဲ။
ဒေသခံဌာနေတိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကချင်အမျိုးသားများ ဖွံ့ဖြိုးတိုးတတ်ရေး အသင်းရဲ့ ဥက္ကဌ ဦးလမောင်လတောင်ကတော့ ကျောက်တူးဖော်သူတွေအနေနဲ့ ဖားကန့်ကို စေတနာရှိရင် ကျောက်စိမ်းနဲ့တောင် လမ်းခင်းလို့ ရတယ်လို့ ပြောပါတယ်။
ပြင်ပကနေ ဝင်ရောက်လာပြီး ကျောက်တူးဖော်တဲ့သူတွေက အကျိုးအမြတ်တွေရပြီး အိမ်ပြန်သွားကြပေမယ့် ဌာနေတိုင်းရင်းသားတွေကတော့ တောတောင်တွေပြုန်းလို့ သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့ ဒဏ်၊ မြေပြိုတဲ့ဒဏ်နဲ့ လမ်းပန်းဆက်သွယ်ရေး ဆိုးတဲ့ဒဏ်တွေကို သားစဉ်မြေးဆက် ခံစားကြရမှာလို့လည်း ဦးလမောင်လတောင်က ပြောပါတယ်။
ဖားကန့်မှာ ကုမ္ဗဏီတွေ ဝင်လာပြီး ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းကို စစ်အစိုးရနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ အကြား အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ပြီးနောက် ၁၉၉၅ ခုနှစ်မှာ စတင်ခဲ့ကြတာပါ။
၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ ကျောက်တူးဖော်ခွင့်ရတဲ့ ကုမ္ဗဏီတွေက စက်ယန္တရား အကြီးစားတွေနဲ့ တူးဖော်ကြတာ ယနေ့ထိပါပဲ။ ကျောက်စိမ်းလုပ်ကွက်တွေဟာ အစိုးရနဲ့ ကုမ္ဗဏီတွေကြား အကျိုးတူဖက်စက် တူးဖော်လုပ်ကိုင်တာ ရှိသလို ကုမ္ဗဏီတွေက အပြည့်အဝ တူးဖော်တာလည်းရှိပါတယ်။
KIA ကတော့ ၂၀၁၁ ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ်ပျက်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်နေပေမယ့် ကျောက်စိမ်းတူးဖော်ရေး ကုမ္ဗဏီတွေကို အခွန်ဆိုတဲ့ ခေါင်းစဉ်နဲ့ငွေကြေးကောက်ခံပါတယ်။ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကနေ KIA ဟာလည်းနှစ်စဉ် သိန်းထောင်နဲ့ချီ ဝင်ငွေ ရပါတယ်။
တဖက်မှာတော့ တရားဝင်အနေနဲ့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သယံဇာတ အကြီးစား တူးဖော်ထုတ်လုပ်တာနဲ့ပတ်သတ်ရင် ပြည်ထောင်စုအစိုးရဖြစ်တဲ့ ဗဟိုအစိုးရကပဲ လုပ်ပိုင်ခွင့်ချပေးခွင့်ရှိသလို ရသမျှအခွန်ကိုလည်း ပြည်ထောင်စုကပဲ ရတာပါ။
ပြည်ထောင်စုအစိုးရအနေနဲ့ ကျောက်စိမ်းတူးဖော်မှုကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ ဆိုးကျိုးတွေကိုတော့ ဖြေရှင်းပေးဖို့ ဌာနေတိုင်းရင်းသားဒေသခံတွေနဲ့ ညှိနှိုင်းတာ၊ လမ်းပန်း ဆက်သွယ်ရေးကောင်းအောင် ဆောင်ရွက်ပေးတာမျိုး မတွေ့ရပါဘူး။
Ref ; Irrawaddy

0 comments:

Post a Comment