Sunday, August 23, 2020

မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောမြို့များရှိ အနိမ့်ပိုင်းနေရာများ ရေကြီးနေပြီး အရေးပေါ်ပြောင်းရွှေ့နေရ

မွန်ပြည်နယ်အတွင်း မိုးသန်းထန်စွာရွာသွန်းမှုကြောင့် မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောမြို့များရှိ အနိမ့်ပိုင်း ရပ်ကွက်အချို့တွင် သြဂုတ် ၂၂ ရက် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး အရေးပေါ် ပြောင်းရွှေ့နေရကြောင်း မွန်ပြည်နယ် သဘဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရှိရသည်။
"မိုးက ညကတည်းကကောင်းနေတာ။ မိုးဆက်များနေတော့ ကားလမ်းရေကျော်နေတာတွေ မြို့အနိမ့်ပိုင်း နေရာအချို့ရေတက်လာတာတွေကြောင့် မလွတ်ကင်းတဲ့ နေရာက လူတွေကို ရွှေ့ပြောင်းနေတယ်။ လတ် တလော အခြေနေထိတော့ အန္တရာယ်မရှိလောက်သေးဘူး။ မိုးနည်းနည်းတိတ်မလား တိတ်ရင်တော့ ရေက ပြန်ကျသွားမှာပါ။ တကယ်လို့ မိုးက ဒီအတိုင်းဆက်ရွာနေမယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်အလိုက်က ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်မှုလုပ်ငန်းတွေကို ဆက်လုပ်သွားမှာပါ။ ခုလဲကူညီ ကယ်ဆယ်မှုတွေကို သက်ဆိုင်ရာ မြို့နယ်အလိုက်လုပ်ပေးနေကြတယ်။ ခုက အချိန်မှီ ဆောင်ရွက်နိုင်ပါသေး တယ်။''ဟု မွန်ပြည်နယ် သဘဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေက ပြော သည်။
ရေကြီးရေလျှံမှုကြောင့် မုဒုံမြို့ မြို့မ(၄)ရပ်ကွက်နှင့် အနိမ့်ပိုင်းရပ်ကွက်အချို၊ သံဖြူ ဇရပ်မြို့တွင် ကျောင်းပိုင်း ရပ်ကွက်နှင့် အနိမ့်ပိုင်းရပ်ကွက်အချို့၊မော်လမြိုင်မြို့တွင် တောင်ဝိုင်းဥယျာဉ်လမ်းနှင့် အနိမ့်ပိုင်းနေရာအချို့နှင့် ကျိုက်မရောမြို့နယ်တို့တွင် ရေကြီးရေလျှံကာ ရေဝင်ရောက်နေသော လူနေအိမ်အချို့မှ မိသားစုဝင်များ ရေလွတ်ရာ အမြင့်ပိုင်း နေရာများသို့ ရွေ့ပြောင်းပေးနေရပြီး ပြောင်းရွှေ့လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။
"ညကတည်းက မိုးကောင်းနေတာ ခုနေ့လည်ပိုင်းလောက်တော့ ကန်ကြီးလမ်းရှေ့တောင် ရေကျော်နေလို့ ကားတွေ ဖြည်းဖြည်းချင်းသွားနေရတယ်။ အနိမ့်ပိုင်းရပ်ကွက်တွေမှာလဲ ရေတွေဝင်လို့ ပြောင်းရွှေ့နေရတယ်လို့ ကြားတယ်။ မိုးကတော့ ကောင်းနေတုန်းပဲ။''ဟု မုဒုံမြို့ ဒေသခံ တစ်ဦးက ပြောသည်။
ထို့အပြင် မုဒုံ-သံဖြူ ဇရပ်လမ်းရှိ နှီးပဒေါကျေးရွာအနီး၊ မုဒုံမြို့ ကန်ကြီးအနီး ကားလမ်းရေကျော်မှုဖြစ်နေပြီး ယာဉ်များသွားနိုင်ရေး တာဝန်ရှိသူများမှ ကူညီပေးနေကြောင်း သိရသည်။
သြဂုတ် ၂၃ ရက် ရေပြန်ကျချိန် အချို့မှာ နေရပ်ပြန်နေပြီး လက်ရှိချိန်ထိ မုဒုံ မြို့မ ၂ ရပ်ကွက်၊ ကမာဝက်မြို့၊ ဘဲရမ်းကျေးရွာတို့မှ လူဦးရေ ၅၄၄ ဦးနှင့် သံဖြူဇရပ်မြို့ ကျောင်းပိုင်းတွင် ၅၀ ဦးခန့် ရေဘေးရှောင်နေရကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အလိုက်ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် အခြေနေများအား မြို့နယ်သဘာဝဘေး စီမံအဖွဲ့များ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေအသင်းအဖွဲ့များ၊ ပြည်သူများမှ ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
Ref ; Myitmakha News Agency

0 comments:

Post a Comment