Monday, August 10, 2020

တက္ကသိုလ်ဝင်တန်းအောင်မြင်သော အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျနေသည့် ကျောင်းသား/သူများကို လျော့ရက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် အကျဉ်းဦးစီးမှ နိုင်ငံတော်အကြီးအကဲများထံ တင်ပြမည်ဖြစ်

၂၀၁၉-၂၀၂၀ပညာသင်နှစ်အတွင်း အကျဉ်းထောင်များ၌ တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား၊ကျောင်းသူများကိုလျှော့ရက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် အကျဉ်းဦးစီးဌာနမှ နိုင်ငံတော်အကြီးအကဲများထံ တင်ပြရန် စီစဉ်လျက်ရှိသည်။
အကျဉ်းထောင်အသီးသီး၌ တက္ကသိုလ်ဝင် အောင်မြင်ကြသော ကျောင်းသား/သူများ လွှတ်ငြိမ်းခံစားခွင့်ရရှိရန် အကျဉ်းဦးစီးမှာ နိုင်ငံတော်အကြီးအကဲများထံ တင်ပြရန် စီစဉ်နေမှုနှင့် ပတ်သက်၍ People Media က အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
“အကျဉ်းထောင်ထဲကိုရောက်လာကတည်းက သူတို့တွေကို ကျွန်တော်တို့က ဘာအလုပ်မှ မလုပ်ခိုင်းဘူး။ ကျောင်းသားဝတ်တဲ့အဖြူအစိမ်းပဲဝတ်ပေးတယ်။ မနက်ဆို အကျဉ်းထောင်မှာ ၅ နာရီခွဲဆိုထရတယ်။ ကိုယ်လုပ်စရာရှိတာလုပ်ရတယ်။ သူတို့ကတော့ကျောင်းစာပဲလုပ်ရတယ်။ အဲဒီတော့ သူတို့ ကြိုးစားချင်စိတ်လည်းရှိလို့ အခုလို အကျဉ်းထောင်ကအောင်ချက်တွေမြင့်မားတယ်လို့ပြောလို့ရပါတယ်။ နောက်ကူညီပေးတဲ့ ဝန်ကြီးဌာနကရော ပုဂ္ဂလိက ကျောင်းကဆရာတွေရောပေါ့။ ခါတိုင်းနှစ်တွေ လိုလျှော့ရက်နဲ့တင်ပြပေးဖို့ရှိမလားဆိုတာ။ အဲဒါကတော့ ကျွန်တော်တို့ကတော့ စာမေးပွဲဘယ်နှစ် ယောက်ဖြေတယ်။ ဘယ်နှစ်ယောက်အောင်တယ်။ ဘယ်သူတွေကဂုဏ်ထူးထွက်တယ်ဆိုတာကို ကျွန်တော်တို့ ဝန်ကြီးဌာနကိုတင်ပြပေးသွားမှာ။ ဝန်ကြီးဌာနကမှ အကြီးအကဲတွေကိုဆက်တင်ပြမှာပါ’’လို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ပြောပါတယ်။
၂၀၂ဝ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်၌ ရန်ကုန်တိုင်းဒေသကြီးအင်းစိန်အကျဉ်းထောင်က ၆၈.၂၃ ရာခိုင်နှုန်းဖြင့် အောင်မြင်သူ ၅၈ ဦးရှိပြီး ၄ ဘာသာဂုဏ်ထူးရရှိသူ ၁ ဦး၊ ၃ ဘာသာ ၃ ဦး၊ ၂ ဘာသာ ၆ ဦး၊ ၁ ဘာသာ ၂၄ ဦး၊ ရိုးရိုးအောင်မြင်သူ ၂၄ ဦးရှိခဲ့သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး မန္တလေးအကျဉ်းထောင်မှ အောင်ချက် ၆၉.၅၉ ဖြင့် အောင်မြင်သူ၄၈ဦးရှိခဲ့ပြီး ၃ ဘာသာဂုဏ်ထူးရရှိသူ ၈ ဦး၊ ၂ ဘာသာဂုဏ်ထူး ၂၂ ဦး၊ ၁ဘာသာဂုဏ်ထူး ၁၄ ဦး ရိုးရိုးအောင်မြင်သူ ၄ ဦး ရှိခဲ့သည်။
Crd : People

0 comments:

Post a Comment