Sunday, August 16, 2020

ကျပ်(၁၀၀၀)တန် အောင်ဘာလေထီ တစ်စောင်ဈေးနှုန်း အမြင့်ဆုံး စံချိန်တင်ရောက်ရှိနေ

(၁၉)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲ မတိုင်မီ ယခုသြဂုတ်လလယ်ပိုင်းမှ စတင်ကာ ထီထိုးသူအရေအတွက် များပြားလာမှုကို အခွင့်ကောင်းယူ၍ ထီပင်ရင်းဆိုင်ကြီးများက ထီတစ်စောင် ငွေကျပ် ၁၂၀၀ မှ ၁၃၀၀ အထိ တိုးမြှင့်ရောင်းချနေသဖြင့် အောင်ဘာလေထီသမိုင်းတစ်လျှောက် ထီတစ်စောင်ဈေးနှုန်း စံချိန်တင် မြင့်တက်နေကြောင်း ထီရောင်းဝယ်သူများထံမှ သိရသည်။
“ထီက ကျွန်တော်တို့ အခု ကိုယ်စားလှယ်တစ်ဆင့်ရောင်းအနေနဲ့ ဝယ်ရတာ၊ ဆိုင်ကြီးတွေကနေ ဒီလအတွက်ပေါ့၊ စဖွင့်တုန်းကတစ်စောင်ကို ကျပ် ၁၀၇၀၊ ၁၀၈၀ ဝယ်ရတယ်။ နောက်ဈေးများထပ်ဆင်းမလားလို့ ဒီရက်ပိုင်းတွေမှာသွားဝယ်တော့ ကျပ် ၁၁၀၀၊ ၁၁၁၀၊ ၁၁၂၀ နဲ့တစ်ခါဝယ်ရတယ်။ ဆိုင်ကြီးတွေရဲ့ ကိုယ်စားလှယ်ရောင်းဈေးက တစ်ခုနဲ့တစ်ခုမတူသလို တစ်ရက်နဲ့တစ်ရက်လည်း မတူကြဘူး။ ဈေးက အတက်ပဲရှိသလိုဖြစ်နေတယ်။ မြို့ထဲမှာဆိုလည်း မိုးယံက အများဆုံးဆိုတော့ မိုးယံရဲ့ ထီဖွင့်ဈေးကို နားထောင်ပြီး အောက်ကထီဆိုင်တွေက ရောင်းကြတာ။ အခုရက်ပိုင်းမှာတောင် လက်လီလှည့်ရောင်းနေတာ တစ်စောင်ကို ကျပ် ၁၃၀၀ အထိ ရောင်းနေရတယ်။ လကုန်ပိုင်းလောက်ဆိုရင်တော့ တစ်စောင်ကို ကျပ် ၁၄၀၀ လောက်ထိ ဖြစ်မယ်လို့ထင်တယ်။ ကိုယ်စားလှယ်ဝယ်ဈေးက မြင့်တော့ နောက်ဆုံးထီထိုးတဲ့သူနဲ့ ကျွန်တော်တို့ လက်လီရောင်းတဲ့သူတွေ စကားတွေ ပြောရတာပေါ့။ ကျွန်တော်တို့လည်း အပြောအဆိုခံပြီး ရောင်းနေရတာပါပဲ” ဟု ထီကိုယ်စားလှယ် ရောင်းဝယ်သူ ဦးကျော်လွင်ကပြောသည်။
လက်ရှိတွင် အောင်ဘာလေထီရုံးမှ ထုတ်ဝေသော ထီတစ်စောင်တန်ဖိုးသည် ကျပ် ၉၀၀ ဝန်းကျင်ခန့်ရှိကြောင်း၊ ပြီးခဲ့သည့်လတွင် အက္ခရာ အလုံးရေ ၃၉ လုံး ထုတ်ဝေရာမှ သြဂုတ်လ (၁၉) ကြိမ်မြောက် ထီဖွင့်ပွဲအတွက် အက္ခရာနှစ်လုံးလျှော့ကာ ၃၇ လုံးဖြင့် ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ထီအက္ခရာတစ်လုံးတွင် အစောင်ရေ ၈၉၀၀၀၀ ကျော် ထုတ်ဝေသည့်အတွက် အက္ခရာနှစ်လုံး လျှော့ထုတ်မည်ဖြစ်သောကြောင့် ထီအစောင်ရေ ၁၈ သိန်းနီးပါးလျှော့ထုတ်ကာ ကျပ် သိန်း ၁၅၀၀၀ မှ ကျပ် ၅၀၀၀၀ အထိ ထီဆုများပေါက်နိုင်ခြေ ယခင်ထက် များပြားလာမည်ဖြစ်ကြောင်း ထီအရောင်းအဝယ်အသိုင်းအဝိုင်းမှ သိရသည်။
ယခုအခါ ထီအရောင်းအဝယ်လောကတွင် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေသည် ထိပ်သီးကိုယ်စားလှယ်ဆိုင်ကြီးများဖြစ်ပြီး ရွှေမြန်မာ၊ မဟာလာဘံ ကိုယ်စားလှယ်ဆိုင်ကြီးများမှ ဖွင့်သော ကိုယ်စားလှယ်ထီဖွင့်ဈေးအတိုင်း၊ အခြားထီဆိုင်အသီးသီးမှ ဖွင့်ဈေးအနည်းအများအတိုင်း ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
Crd : MDN

0 comments:

Post a Comment