Friday, August 7, 2020

လက်ဘနွန်ပေါက်ကွဲမှုဒဏ်သင့် ပြည်သူများအား အကူအညီပေးရန် ပြင်သစ်သမ္မတ လက်ဘနွန်သို့ ရောက်ရှိ

ပြင်သစ်သမ္မတ အီမာနူအယ်လ်မက်ခရွန်သည် လက်ဘနွန်နိုင်ငံ ဘေရွတ် မြို့၌ ကြီးမားသော ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခြင်းကြောင့် ၁၃၇ ဦးထက် မနည်းသေဆုံးကာ ၅၀၀၀ နီးပါးဒဏ်ရာရရှိခဲ့ပြီးနောက် လက်ဘနွန် နိုင်ငံသို့ ယမန်နေ့ကရောက်ရှိခဲ့ကြောင်း သိရသည်။
ဩဂုတ် ၄ ရက်က ဘေရွတ်မြို့၌ ကြီးမားသော ဧရာမပေါက်ကွဲမှု များ ဖြစ်ပွားခဲ့သဖြင့် လက်ဘနွန်ပြည်သူများကို အကူအညီပေးရန်၊ ပြင်သစ်နှင့် လက်ဘနွန်နိုင်ငံတို့အကြား ခိုင်မာတောင့်တင်းသော ဆက်ဆံရေးကို ထင်ဟပ်ပေါ်လွင်စေရန် လက်ဘနွန်နိုင်ငံသို့ မိမိအနေ ဖြင့် လာရောက် လည်ပတ်ခြင်းဖြစ်ကြောင်း မက်ခရွန်က လက်ဘနွန် လေဆိပ်တွင် ပြောကြားသည်။
မက်ခရွန်လက်ဘနွန်သို့ ရောက်ရှိစဉ် လက်ဘနွန်သမ္မတ မီခေးလ် အောင်းက လေဆိပ်သို့ သွားရောက်ကြိုဆိုခဲ့သည်။ မက်ခရွန်သည် ၎င်း၏ လက်ဘနွန်ခရီးစဉ်အတွင်း လက်ဘနွန်သမ္မတ မီခေးလ်အောင်း နှင့် လက်ဘနွန် ဝန်ကြီးချုပ် ဟာဆန်ဒိုင်ယာအပ်ဘ်တို့ကိုလည်း သီးခြား စီတွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
ပြင်သစ်အစိုးရသည် ဘေရွတ်မြို့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အကူအညီများကို လက်ဘနွန်သို့ ပို့ဆောင်ထားပြီးဖြစ်သလို လာမည့် နေ့များတွင်လည်း ဆေးဘက်ဆိုင်ရာ ကိရိယာများကို ထပ်မံပို့ဆောင် သွားမည်ဖြစ်ကြောင်း မက်ခရွန်က ထပ်မံပြောကြားသည်။
လက်ဘနွန်သည် နိုင်ငံရေး၊ စိတ်ဓာတ်ရေးရာ၊ စီးပွားရေးနှင့် ငွေရေးကြေးရေး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေသည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအပါအဝင် ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအား အကောင်ထည်ဖော်ရန် လက်ဘနွန် နိုင်ငံအတွက် လိုအပ်ပုံကို မက်ခရွန်က အလေးထားပြောကြားခဲ့ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံသည် ဘေရွတ်မြို့၌ ပေါက်ကွဲမှုဒဏ်သင့်ပြည်သူများ အား အကူအညီပေးရန် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကျွမ်းကျင် ပညာရှင်များနှင့်အတူ ဆေးဘက်ဆိုင်ရာ ကိရိယာများ တင်ဆောင်သော လေယာဉ်သုံးစင်းကို လက်ဘနွန်နိုင်ငံသို့ ပို့ဆောင်ထားကြောင်း သိရ သည်။
Source -Xinhua

0 comments:

Post a Comment