Wednesday, August 5, 2020

မဲမပေးဘဲ စနစ်ကိုမကြိုက်ကြောင်း ပြောခြင်းက အင်မတန်တာဝန်မဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ငါးနှစ်မှာမှတစ်ရက် အချိန်ပေးရတဲ့တာဝန်ကို ကျေပွန်အောင် လုပ်သင့်ကြောင်းနဲ့ မဲမပေးဘဲ စနစ်ကို မကြိုက်ကြောင်း ပြောခြင်းက အင်မတန်တာဝန်မဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
သမ္မတ အိမ်တော်မှာ ဒီကနေ့ သြဂုတ် ၅ ရက်မနက်ပိုင်းက ပြုလုပ်တဲ့ ကိုဗစ်ကာလ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုညွှန်ချုပ် ဦးထက်အောင်တို့နဲ့ အွန်လိုင်းက ဆွေးနွေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျွန်မရဲ့အယူအဆကတော့ မဲပေးပိုင်ခွင့်ရှိတာနဲ့အမျှ တာဝန်လည်းရှိတယ်။ ကိုယ့်နိုင်ငံအတွက် တာဝန်ယူချင်တဲ့စိတ်က လူတိုင်းလူတိုင်းမှာ ရှိရမယ်။ ကိုယ်ကြိုက်သလိုမဲပေးရမယ်။ ဒါပေမဲ့ မဲမပေးဘဲနဲ့တော့ ဒီစနစ်ကြီးကိုမကြိုက်ဘူးတို့၊ ဟိုဟာမကြိုက်ဘူးတို့၊ ဒီဟာမကြိုက်ဘူးတို့ပြောတာက အင်မတန်တာဝန်မဲ့တာပဲ။ ငါးနှစ်မှာမှ တစ်ရက်အချိန်ပေးရတဲ့တာဝန်ကိုကျေပွန်အောင် နိုင်ငံသူနိုင်ငံသားအားလုံးကလုပ်ဖို့လိုပါတယ်" လို့ ပြောခဲ့ပါတယ်။
အများစုက မဲပေးချင်မယ်လို့ ယုံကြည်ကြောင်းလည်း အတိုင်ပင်ခံက ဆက်ပြောပါတယ်။ ဒါ့အပြင် ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ဟာ အသက် ၁၈ နှစ်ကနေ ၈၀ အထိ ဆိုရင် ၁၂ ကြိမ်သာမဲပေးခွင့်ရှိမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တွက်ပြခဲ့ပါတယ်။
"ကိုယ့်နိုင်ငံရဲ့အနာဂတ်အတွက် တိုးတက်မှုအတွက် အသက် ၈၀ အထိ ၁၂ ရက်ပဲ ရွေးကောက်ပွဲနည်းလမ်းအရ လုပ်ပိုင်ခွင့်ဟာ တစ်သက်မှာ ၁၂ ကြိမ်ပဲ။ ဒီ ၁၂ ကြိမ်လေးကို အကောင်းဆုံးဖြစ်အောင် အသုံးချစေချင်တယ်။ အကောင်းဆုံးအသုံးချနိုင်အောင်လည်း အစိုးရက ကူညီဖို့၊ စီစဉ်ပေးဖို့တာဝန်ရှိပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
Ref ; BBC

0 comments:

Post a Comment