Thursday, August 13, 2020

ဆန္ဒပြမှုများ ပြင်းထန်နေသော ထိုင်းနိုင်ငံတွင် အစိုးရအဖွဲ့ဝင်သစ် ၆ ဦး ကျမ်းသစ္စာကျိန်ဆို

ထိုင်းနိုင်ငံမှာ စည်းမျဉ်းခံဘုရင်စနစ် ပြန်လည်ပြုပြင်ရေး ကျောင်းသားဆန္ဒပြပွဲတွေဆက်တိုက်ဖြစ်ပွါးနေချိန်မှာပဲ မနေ့ ဗုဒ္ဓဟူးနေ့က အစိုးရ အဖွဲ့ဝင်အသစ် ၆ ဦး ထိုင်းဘုရင် ရှေ့မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။
ဘုရင် Maha Vajiralongkorn က နိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးရှိဖို့ ပြောပေမဲ့ ဆန္ဒပြပွဲတွေနဲ့ မတည်မငြိမ် အခြေအနေတွေ အကြောင်း ပြောကြားတာ မရှိခဲ့ပါဘူး။
ကျမ်းသစ္စာကျိန်ဆိုသူ ကက်ဘိနက်အဖွဲဝင် သစ် ၆ ယောက်ကိုသာ ကျန်းမာပါစေကြောင်းနဲ့ ကတိသစ္စာပြုထားတဲ့ အတိုင်း တာဝန် ဝတ္တရားကို ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ အသိဉာဏ်ပညာနဲ့ ပြည့်စုံစေကြောင်း ဆုတောင်း စကား မိန့်ကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ လထဲ အာဏာရပါတီတွင်း အငြင်းပွါးမှုတွေကြောင့် ကက်ဘိနက်အဖွဲ့ဝင် ၆ ဦး ရာထူးက နှုတ်ထွက်သွားခဲ့တာပါ။ အခု ကျမ်းသစ္စာဆိုတဲ့ အဖွဲ့ဝင်သစ် ၆ ယောက်ထဲ ဘဏ်အမှုဆောင် အရာရှိ Predee Daochai က ဘဏ္ဍာရေး ဝန်ကြီး ဖြစ်လာ ပါတယ်။
ထိုင်း ဘုရင် Maha Vajiralongkorn က ဖခင်အရိုက်အရာ ဆက်ခံပြီး နန်းတက်ခဲ့တဲ့ ၂၀၁၆ နောက်ပိုင်းကတည်းက အစိုးရအပေါ် သဘောထားကွဲ ကန့်ကွက်မှုတွေ တဖြည်းဖြည်း ပေါ်ပေါက်လာနေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ထိုင်းနိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ အစိုးရကို ဝေဖန်တာတွေနဲ့ ပတ်သက်တဲ့ လုံခြုံရေး ဥပဒေ အများအပြားကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ Lèse-majesté ဆိုတဲ့ တော်ဝင် မိသားစုတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေကို ချိုးဖောက်ပြီး တော်ဝင်မိသားစု တွေကို ထိပါးပြောဆိုရင် ထောင်ဒဏ် ၁၅ နှစ်အထိကျခံရနိုင်ပါတယ်။
အခုထိတော့ ဒီပြစ်မှုနဲ့ အရေးယူခံရတဲ့ ကျောင်းသား တယောက်မှ မရှိသေးပေမဲ့ ၂ ဦးကတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော် သစ္စာဖောက်ဖျက်မှုတွေနဲ့ စွဲချက်တင်ခံထားရပါတယ်။
တနင်္လာနေ့က ဆန္ဒပြသူတွေ တင်ပြခဲ့တဲ့ အချက် ၁၀ ချက် ပါ စည်းမျဉ်းခံ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုချက် ဟာသိပ် လွန်ကဲ တဲ့ တောင်းဆိုချက်တွေ ဖြစ်တယ်လို့ ထိုင်း ဝန်ကြီးချုပ် Prayuth Chanocha က အင်္ဂါနေ့က ပြောခဲ့သလို ဇွန် တုန်းကလည်း ဆန္ဒပြသူ တွေကို စည်းမျဉ်းခံ ဘုရင်စနစ်ကို မထိပါးကြဖို့ Prayuth က သတိပေးခဲ့ဖူးပါတယ်။
Crd : VOA

0 comments:

Post a Comment