Thursday, August 13, 2020

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်းအသစ်တစ်ခု ရှာဖွေတွေ့ရှိ

ရန်ကုန်ဆိပ်ကမ်းသည် နိုင်ငံတော်ကုန်စည်ကူးသန်းရောင်းဝယ်မှု၏ ပင်မတံခါးပေါက်ဖြစ်သည့်အားလျော်စွာ အပြည်ပြည်ဆိုင်ရာပင်လယ်ကူးသင်္ဘောကြီးများ စဉ်ဆက်မပြတ်ဝင်ထွက်သွားလာနိုင်ရေးအတွက် အဓိကရေလမ်းကြောင်းတစ်လျောက်ရှိ ရေတိမ် နှစ်ခုဖြစ်သည့်အပြင် စည်းခုံ (Outer Bar- Elephant Point )နှင့် အတွင်းစည်းခုံ (Inner Bar- Monkey Point) တို့တွင် သောင်တူးဖော်ခြင်းလုပ်ငန်းများအား နှစ်စဉ်ဘဏ္ဍာငွေအမြောက်အမြားအကျခံ၍ ဆောင်ရွက် လျက်ရှိသော်လည်း သောင်ထွန်းခြင်းဖြစ်စဉ်သည် ရန်ကုန်မြစ်၏ ရေစီးဆင်းမှုအပေါ်မူတည်၍ အမြဲမပြတ် ဖြစ်ထွန်းလျက်ရှိသည်။ လက်ရှိအသုံးပြုလျှက်ရှိသော မူလရေလမ်းကြောင်းအပြင် ရေစူးပိုမိုများပြားပြီး တန်ချိန်ကြီးမားသောသင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင် သည်သာမက သောင်တူးဖော်ခြင်းလုပ်ငန်းကြောင့် ရင်ဆိုင်နေရသည့် နှစ်စဉ်ကုန်ကျစရိတ်များကိုပါ လျော့ချနိုင်သည့် သဘာဝရေလမ်းကြောင်းအသစ်တစ်ခုအား ရှာဖွေခြင်းလုပ်ငန်းစဉ်ကို ဌာနအကြီးအကဲ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်ဆောင်ရွက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ရေကြောင်းဌာနမှသိရသည်။
“ကျွန်တော်တို့ ၂၀၁၆ ခုနှစ် PS Sheet အရ တုတ် စွန်း (King’s bank) မှ BNAD တံတား (ရေတပ်ပင်မ လက်နက်ခဲယမ်းတပ်တံတား) အထိ ရေလမ်းကြောင်း တည်ငြိမ်မှုရှိတဲ့အတွက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ ထပ်ပြီးတိုင်းတာခဲ့ပါတယ်။ ဘာပြောင်းလဲမှုမှမရှိတဲ့ အတွက် ရေလမ်းကြောင်းအသစ်အဖြစ် ရွေးချယ်ခဲ့ပါ တယ်။ နောက်တော့ ကျွန်တော်တို့ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၃ ရက်ကနေစပြီး မေလ ၈ ရက်အထိ တောက်လျှောက် တူးတယ်။ တူးပြီးတော့ ပြန်တိုင်းတယ်။ တိုင်းတော့ ရေက ၄ မီတာခွဲလောက်ဖြစ်နေပြီ။ သင်္ဘောဆွဲလို့ရ နေပြီ။ အရင်ရေလမ်းကြောင်းထက်လည်း အများကြီး ကျယ်နေပြီ။ ဒါပေမယ့် Pilot တွေကို တရားဝင်ပေး မမောင်းသေးပဲ ၂၀၂၀ ခုနှစ်၊ မေ ၉ ရက်၊ ၁၀ရက်၊ ၁၁ ရက်မှာ အလျားအရှည်ဆုံးနဲ့ ရေစူးအများဆုံးသင်္ဘော သုံးစီးကို အဲ့ဒီသုံးရက်လုံးမှာမောင်းတယ်။ မောင်းပြီး တော့မှ Pilot တွေကို အစည်းအဝေးခေါ်တယ်။ ၁၃ ရက်မှာ ဝန်ကြီးဆီတင်ပြတယ်။ မေလ ၁၄ ရက်မှာ ဒီ ရေလမ်းကြောင်းအသစ်ကိုစသုံးတယ်။ သုံးရင်းနဲ့ ဒီ ရေစူးတွေကိုကြည့်ရင်းနဲ့ ရေကသိပ်မတူးရပဲနက်နေ တယ်။ တဖြည်းဖြည်းချင်းနက်လာတာပေါ့။ ဒါကြောင့် အရင်က ရေစူး ၉ မီတာပဲခွင့်ပြုထားတာ၊ အခု ၉ ဒသမ ၃ မီတာထိခွင့်ပြုလိုက်တယ်။ အခုချိန်ထိ ဘာအခက် အခဲမှမဖြစ်ဘူး။ သင်္ဘောကပ္ပတိန်တွေလည်း အရမ်း သဘောကျတယ်။ ဒါတန်ဖိုးမဖြတ်နိုင်ဘူး။ ကျွန်တော် တို့ဌာနအတွက်ကတော့ သမိုင်းအသစ်ရေးထိုးလိုက် တာပေါ့” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်း ဌာနမှ ဒုတိယရေကြောင်းဌာနမှူးချုပ် ဦးဝင်းမြင့်အောင် ကပြောသည်။
ယခင်က ရေစူးကန့်သတ်ချက်ကြောင့် အတွင်း ဆိပ်ကမ်းသို့ တိုက်ရိုက်မဝင်ရောက်နိုင်ဘဲ အပြင်ဆိပ် ကမ်း (သီလဝါဆိပ်ကမ်း) တွင် ကုန်ချ အလေးချိန်လျှော့ ချ (ရေစူးလျော့ချ) ပြီးမှ အတွင်းဆိပ်ကမ်းများ (ဆူး လေတံတား၊ အေရှားဝေါတံတား၊ စက်မှုဆိပ်ကမ်းတံ တား .... စသည်) သို့ဝင်ရောက်ရခြင်းများ မလိုအပ် တော့သည့်အတွက် အချိန်နှင့်ကုန်ကျစရိတ်များလျော့ချနိုင်ကြောင်း၊ ရေစူးများသော ရေယာဉ်ကြီးများအတွင်း ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာတွင် အတွင်းစည်းခုံကို ဖြတ်သန်းနိုင်ရန် ရေချိန်စောင့်ထွက်ခွာရသောကြောင့် အပြင်စည်းခုံအား ဆက်လက်ဖြတ်သန်းနိုင်ရန် အချိန်မမီတော့သည့်အတွက် ကြားခံကျောက်ချရပ် (Via Anchorage Area) တွင် စောင့်ဆိုင်းပြီးမှ ထွက်ခွာရသည့်ကန့်သတ်ချက်များကိုလျော့ချနိုင်ကြောင်း ၎င်းက ဆိုသည်။
ယခုအခါ ရေအနက်ပိုမိုရရှိသည့်အတွက် မလိုအပ်သည့် အဆင့်ဆင့် ကုန်တင်၊ ကုန်ချမှုစရိတ်များ လျော့ချနိုင်ခြင်း၊ ကုန်တင်နိုင်မှု ပမာဏတိုးလာသည့် အတွက် ကုန်စည်ပို့ဆောင်မှုစရိတ်များ လျော့ချနိုင်ခြင်းနှင့် ရေယာဉ်ကြီးများ၏ ဝင်ထွက်မည့်ခရီးစဉ်တွင် အချိန်ကြာမြင့်မှု လျော့နည်းလာသည့်အတွက်ရေယာဉ် ဝင်ထွက်မှု အခေါက်ရေပိုမိုရရှိခြင်းနှင့် ဆိပ်ကမ်းတံ တားများတွင် ရေယာဉ်များပို၍လက်ခံဆိုက်ကပ်ပေးနိုင်မည်ဖြစ်သောကြောင့် ဆိပ်ကမ်းများ၏ဝင်ငွေပို၍ တိုးတက်ရရှိလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိ လာကြောင်းသိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ရေလမ်းကြောင်းတိုးတက်ကောင်းမွန်စေရေး သောင်တူးဖော် ခြင်း လုပ်ငန်းနှင့် ရေလမ်းကြောင်းအသစ်ရှာဖွေခြင်းအား စဉ်ဆက်မပြတ်အလေးနက်ထားဆောင်ရွက်ခဲ့ရာ ယခု အခါတွင် Outer Bar Channel သို့ ရေယာဉ်ကြီးများ ဝင်ထွက်သွားလာမှုအတွက် သင်္ဘောရေစူး ယခင် ၉ မီတာမှ ၉ ဒသမ ၅ မီတာသို့လည်းကောင်း၊ Inner Bar Channel အား ယခင် Monkey Point Channel အစား King’s Bank Channel သို့ ပြောင်းလဲသတ်မှတ် ခဲ့ပြီး ရေယာဉ်ကြီးများဝင်ထွက်သွားလာမှုအတွက် သင်္ဘောရေစူး ယခင် ၉ မီတာမှ ၉ ဒသမ ၃ မီတာသို့ လည်းကောင်း ပြောင်းလဲသတ်မှတ်ခဲ့ကာ အဆိုပါ ပြောင်းလဲသတ်မှတ်မှုအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ Website တွင် လွှင့်တင်ထားပြီးဖြစ်ကြောင်း သိရသည်။
Crd : Transcom

0 comments:

Post a Comment