Thursday, August 13, 2020

တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးမှုများ ကင်းလှည့်ဆောင်ရွက်ရာမှ ကျပ် ၇ဘီလီယံခွဲ တန်ကြေးရှိ အိုက်စ်မူးယစ်ဆေးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင်း ဆိုင်ကယ်ပျောက်ဆုံးမှု များနေသည့်အတွက် ကင်းလှည့်ဆောင်ရွက်ရာမှ ကျပ် ၇ ဒဿမ ၅ ဘီလီယံခန့် တန်ကြေးရှိသည့် အိုက်စ်မူးယစ်ဆေးဝါးများကို ဩဂုတ်လ ၁၃ရက် နံနက်အစောပိုင်းက ဖမ်းဆီးရမိသည်။
တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည့် ဆိုင်ကယ်ခိုးမှုများ ပေါ်ပေါက်စေရန် ကင်းပုန်းဝပ် ဆောင်ရွက်နေစဉ် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ရွှေကမ္ဘာကားပြင်ဆိုင်ရှေ့တွင် မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးကို စစ်ဆေးနေစဉ် နောက်မှ ပါလာသည့် ကားပေါ်မှ ယာဉ်မောင်းထွက်ပြေးသဖြင့် အဆိုပါကားကို စစ်ဆေးရာတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့က ဆိုင်ကယ်ခိုးမှုတွေ ဖော်ထုတ်ဖို့ အဖွဲ့တွေခွဲပြီး ဆောင်ရွက်နေတာ။ အဲဒီမှာ ဆိုင်ကယ်ကို စစ်တဲ့ အချိန်မှာ နောက်က ကားကလည်း သူ့ကိုလည်း စစ်မယ်ထင်ပြီး ယာဉ်မောင်းက ထွက်ပြေးတာ။ အဲဒါနဲ့ ကားကို စခန်းထဲ မောင်းလာပြီး စစ်လိုက်တော့ အိုက်စ်တွေ မိတာပဲ” ဟု ဖမ်းဆီးရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။
ဖမ်းဆီးရမိသည့် အိုက်စ်မူးယစ်ဆေးပမာဏမှာ ၃၇၅ ကီလိုဂရမ်ခန့်ရှိပြီး မူးယစ်ဆေးဝါး သယ်ဆောင်လာသူကို ဖမ်းမိရေး ဆောင်ရွက်နေပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
Crd : Mekong

0 comments:

Post a Comment